ရီးရဲလ်မက်ဒရစ်ကို နိုင်ခဲ့ပေမယ့် စွမ်းဆောင်ရည်ကို အားမရဘူးဆိုတဲ့ ဘာစီလိုနာ မန်နေဂျာ

မတ်၊ ၃

ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့တိုင် အသင်းရဲ့ စွမ်းဆောင်ရည်ကို အားမရဘူးလို့ ဘာစီလိုနာ မန်နေဂျာ ရှာဗီ ဟာနန်ဒက်ဇ်က ပြောပါတယ်။

 ဘာစီလိုနာဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်နှစ်ခုမှာ ဆက်တိုက် ရှုံးနိမ့်ထားပေမယ့် ရီးရဲလ်ရဲ့ အိမ်ကွင်း ဆန်တီယေဂို ဘာနာဘောင်းမှာတော့ အစဉ်အလာ ပြိုင်ဘက်ကို ၁-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ ကိုပါဒယ်လ်ရေး ရှုံးထွက်ဖလား ပထမအကျော့ နိုင်ပွဲကြောင့် ဘာစီလိုနာဟာ အခုရာသီ ပြည်တွင်း ဖလားနှစ်လုံး ဆွတ်ခူးနိုင်ရေး မျှော်လင့်ချက် အထမြောက်ဖို့ ပိုနီးစပ်လာခဲ့ပါတယ်။

 ဒီပွဲမှာ ရီးရဲလ် နောက်ခံလူ အီဒါ မီလီတာအိုရဲ့ ပထမပိုင်း ကိုယ့်ဂိုးကိုယ် သွင်းမိမှုက အနိုင်အရှုံးအတွက် အဓိက အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စပိန်သား မန်နေဂျာ ရှာဗီက ဘောလုံးပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့ အခြေအနေကို စိတ်ပျက်မိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၈ နှစ်တာအတွင်း၊ နောက်ပြီး မှတ်တမ်းတင်ဖူးသမျှ ၆၈၅ ပွဲအတွင်း ဘာစီလိုနာရဲ့ ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံး ပွဲစဉ်အဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။ အရင်က ဘာစီလိုနာရဲ့ ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံးပွဲမှာတောင် ၄၄ ရာခိုင်နှုန်း ရှိခဲ့ဖူးပါတယ်။

 ရလဒ်ကိုရော၊ အသင်းရဲ့ အားကြိုးမာန်တက် ခုခံပုံတွေကိုပါ ကျေနပ်မိကြောင်း၊ ရီးရဲလ်အတွက် အခွင့်အရေး ရနိုင်ခြေတွေကို အနိမ့်ဆုံး အဆင့်ထိ လျှော့ချနိုင်ခဲ့ပြီး သူတို့ရဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ကြောင်း၊ ပုံမှန်ဆိုရင် ရီးရဲလ်ဟာ အိမ်ကွင်းမှာ ဂိုးသွင်းခွင့်တွေ အမြောက်အမြား ဖန်တီးနိုင်လေ့ရှိကြောင်း ရှာဗီက ဆိုတယ်။

 ရလဒ်က အပေါင်းလက္ခဏာ ဆန်ခဲ့ပြီး ပျော်မိပေမယ့် ဘောလုံးပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင်တော့ အားရစရာ မရှိကြောင်း၊ ဘာစီလိုနာ အနေနဲ့ အဲဒီအပိုင်းမှာ တိုးတက်လာအောင် အများကြီး လုပ်ဖို့ လိုသေးကြောင်း၊ ဘောလုံးကို အချိန်ကြာကြာ ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်ရဲ့ ထိုးစစ်ကို ချိုးနှိမ်ခုခံဖို့ စီစဉ်ထားပေမယ့် လက်တွေ့ ဖြစ်မလာခဲ့ကြောင်း၊ ပုံမှန်ဆိုရင် ဘာစီလိုနာဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူပြီး တိတိကျကျ ဖြန့်ဝေမှုတွေနဲ့ ကစားလေ့ ရှိပေမယ့် အခုပွဲမှာတော့ မှန်မှန်ကန်ကန် ရွေးချယ်မှုတွေ မလုပ်နိုင်ခဲ့ကြောင်း၊ ရီးရဲလ်ရဲ့ ကွင်းဖက်ခြမ်းမှာလည်း ကာယ ကြံ့ခိုင်မှုပိုင်း အသာစီး မယူနိုင်ခဲ့ကြောင်း၊ ဘာပဲဖြစ်ဖြစ် နိုင်ပွဲ ရခဲ့သလို အခုပွဲစဉ်ကနေ သူအားရမိတဲ့ အချက်တွေလည်း ရှိကြောင်း ရှာဗီက မှတ်ချက် ပေးသွားပါတယ်။

 ဘာစီလိုနာဟာ ဘောလုံးပိုင်ဆိုင်မှုအရ အောက်စည်း ရောက်ခဲ့ပေမယ့် သူတို့ရဲ့ ခါးသီးပြိုင်ဘက်ကို ဂိုးပေါက် တကြိမ်မှ မတည့်အောင် ခုခံ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ရီးရဲလ် အတွက်ကတော့ မနှစ်က ပီအက်စ်ဂျီ အသင်းကို ချန်ပီယံလိဂ်မှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ဘက် ဂိုးပေါက်ကို တကြိမ်မှ တည့်တည့်မတ်မတ် မခြိမ်းခြောက်နိုင်မှုအဖြစ် မှတ်တမ်းဆိုး ဝင်ခဲ့ပါတယ်။ အိမ်ကွင်းပွဲစဉ်တွေကို သီးသန့်ကြည့်ရင်တော့ ရီးရဲလ်ဟာ မှတ်တမ်း စတင်ပြုစုချိန်ကစလို့ အခုပွဲ မတိုင်ခင် ၂၉၄ ပွဲဆက်တိုက် ဘာနာဘောင်းမှာ ပြိုင်ဘက် ဂိုးပေါက်ကို တည့်တည့်မတ်မတ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။