မတ်၊ ၂
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ )ရဲဘော်တဦးအပါအဝင်အရပ်သား ၁၆ ကို စစ်ကောင်စီတပ်ကဒီကနေ့ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းမူမြို့အထိုင် စစ်ကောင်စီ တပ်မ ၃၃လက်အောက်ခံတပ်အချို့ဟာစစ်ကိုင်းမြို့၊ရွှေလှေအုပ်စု၊ တာတိုင်ကျေးရွာနဲ့ပန်းချီကျေးရွာတွေကိုမနေ့ကဝင်ရောက်ပြီးတာတိုင်ရွာက ဒေသခံ၁၅ကို ဖမ်းဆီးကာ ဒီကနေ့ ပြန်ထွက်သွားချိန်မှာ သတ်ဖြတ်ခဲ့တာလို့သိရပါတယ်။
စစ်ကောင်စီတပ်တွေက မထွက်ခွါခင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ရဲဘော်တဦးကိုခြေ၊လက်နဲ့ဦးခေါင်းကိုဖြတ်သတ်ဖြတ်ခဲ့ပါသေးတယ်။
“ငါးဦးကခေါင်းကို သေနတ်နဲ့အပစ်ခံရတာ။ အလောင်းက ခြောက်လောင်းပဲရသေးတယ်။ ကျန်တဲ့အလောင်းတွေထဲကို မိုင်းထည့်သွားလို့ အခက်အခဲရှိတယ်”လို့ဒေသခံတဦးကပြောပါတယ်။
တာတိုင်ကျေးရွာကနေဆုတ်ခွာသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ဓားစာခံ၁၅ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ မရောက်ခင် သရက်ခြံထဲမှာ ဓားစာခံ၅ဦးကိုစတင်သတ်ဖြတ်ခဲ့ပါတယ်။
သတ်ဖြတ်ခံရသူငါးဦးဟာတာတိုင်ကျေးရွာက ကိုထွန်းထွန်း ၃၅နှစ် ၊ကိုစိုးနိုင် ၄၇နှစ် ၊ကိုကျော်စိုး ၃၅နှစ် ၊ကိုငလင်း ၄၅နှစ် ၊ကိုကျော်ကျော် ၃၄နှစ် တို့ဖြစ်ကြပါတယ် ။
“အခုစစ်ကောင်စီတပ်တွေက ထီးဆောင်းကိုပြန်သွားခဲ့ပြီ ။ရွာကလူတွေက အလောင်းလိုက်ကောက် သဂြိုဟ်ပေးနေကြတယ်။အကုန်သတ်လိုက်ကြပြီထင်ပါတယ်။အခုကတော့မြေပြင်ကိုသွားနေကြတုန်း”လို့ ဒေသခံတစ်ဦးက DNAကိုပြောပါတယ်။
စစ်ကောင်စီတပ်တွေခေါ်ဆောင်သွားတဲ့ဓားစာခံ၁၅ဦးမှာအမျိုးသမီးတွေလည်းပါဝင်နေတယ်လို့သိရပါတယ်။တာတိုင်ကျေးရွာ ဟာမူးမြစ်နဲ့ ဧရာဝတီမြစ်တို့ဆုံရာနေရာတွင်တည်ရှိပြီးအျမိခြေ ၇၈အိမ် နဲ့လူဦးရေ၃၅၀ဝန်းကျင်လောက်နေထိုင်ပါတယ်။
စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့် မြစ်သာ၊ ပန်းချီ ၊ တာတိုင်၊ မြင်းဆည်၊ ထားဝယ်တဲ၊ ဥယဉ် စတဲ့ကျေးရွာတွေကဒေသခံတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။