စစ်ကောင်စီနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ မိသားစုအသိုင်းအဝိုင်းတွေ လက်နက်စတင်ကိုင် ဆောင်လာ

မတ်၊ ၂

စစ်ကောင်စီက အရပ်သားလက်နက်ပိုင်ဆောင်ခွင့်မူကို ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီနဲ့နီးစပ်တဲ့လုပ် ငန်းရှင်တွေ၊သူတို့ရဲ့မိသားစုအသိုင်းအဝိုင်းတွေဟာ လက်ရှိမှာ လက်နက်ကိုင်ဆောင်ကြပြီလို့ စစ်ကောင် စီနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DNAကို ပြောပါတယ်။

“လက်နက်က ကိုင်နေကြပြီလေ၊ပိုက်ဆံလည်းရှိတယ်၊သူတို့(စစ်ကောင်စီ)နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးကလည်းရှိနေတော့ ပြောရရင် အကြီးပိုင်းနဲ့ကောင်း မွန်တဲ့ဆက်ဆံရေးရှိတဲ့သူမှန်သမျှက ဝယ်ပြီးကိုင်နေကြပြီ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။

အခုလို လုပ်ငန်းရှင်အချို့ လက်နက်ကိုင်ဆောင်တာတွေကို စစ်ကောင်စီရဲ့တပ်ပိုင်းဆိုင်ရာအကြီးအကဲတွေက ခွင့်ပြုထားတာဖြစ်ပြီး လက်နက်ကိုင်ခွင့်ရဖို့အတွက်ကိုတော့ ငွေကြေးပေးရတာတွေရှိတယ်လို့ ဆိုပါတယ်။

“ပြောရရင် နားလည်မှုနဲ့ပေါ့ဗျာ၊သူတို့အတွက်ကလည်း ကိုင်ထားဖို့လိုတယ်၊လက်ရှိမှာလည်း တရား ဝင်ကိုင်ခွင့်ကမရသေးတော့၊ရတယ်လုပ်၊တစုံတခုဖြစ်လာရင် ငါတို့တက်နိုင်တဲ့ဘက်က အကာအ ကွယ်ပေးမယ်၊ဒါမျိုးတွေပေါ့၊အဲ့ဒါကြောင့်လည်း တချို့ကဝယ်ကိုင်နေကြတာ”လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က နားလည်မှုနဲ့ လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူတွေဟာ ပြည်သူ့စစ်တွေ၊မဘသ ဘုန်းကြီးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွေအပြင် နီးစပ်တဲ့ လုပ်ငန်းရှင်တွေလည်းပါ ဝင်တယ်လို့ဆိုပါတယ်။

အာဏာသိမ်းမှုကိုခုခံတွန်းလှန်တဲ့ လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာပြီးနောက် နိုင်ငံတဝန်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ပျူစောထီးအဖွဲ့တွေနဲ့ ပြည်သူ့စစ်အမည်ခံ စစ်အုပ်စုလိုလားသူတွေကို စစ်ကောင်စီက လက်နက်တွေတပ်ဆင်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာလက် နက်ကိုင်ဆောင်ခွင့်မူကိုထုတ်ပြန်ခဲ့တာပါ။အဲ့ဒီမူအရ စစ်ကောင်စီကသူအလိုရှိသူတွေကိုလက်နက်တွေချပေးမှာဖြစ်သလို ကိုယ်တိုင်လက်နက်ဝယ်ပြီးကိုင်ဆောင်လိုသူတွေကိုလည်း လိုင်စင်လျှောက်ခွင့်ပြုထားပါတယ်။

လက်နက်ကိုင်ဆောင်ခွင့်မူထွက်လာပြီးနောက် ရက်ပိုင်း၊လပိုင်းအတွင်းမှာပဲ စစ်ကောင်စီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက လူဦးရေအများအပြား လိုင်စင်လျှောက်ဖို့ကြိုးပမ်းနေကြတယ်လို့သိရပြီး စစ်ကောင်စီက လိုင်စင်စထုတ်ပေးတာရှိမရှိနဲ့အရေ အတွက်ဘယ်လောက် ခွင့်ပြုပေးလိုက်ပြီဆိုတာတွေကိုတော့မသိရသေးပါဘူး။

လိုင်စင်လျှောက်ပြီး လက်နက်ကိုင်ခွင့်ရဖို့ကြိုးပမ်းသူဖြစ်စေ၊စစ်ကောင်စီက ထုတ်ပေးတဲ့ လက်နက်ဖြစ်စေ ကိုင်ခွင့်ရဖို့အတွက် “အမှန်တကယ်လိုအပ်သူဖြစ်ရမယ်” လို့ လက်နက်ကိုင်ဆောင်ခွင့်မူမှာ ဖော်ပြထားတာကြောင့် ဒီမူအရစစ်အုပ်စုနဲ့နီးစပ်သူတွေသာ လက်နက်ကိုင်ခွင့်ရနိုင်တယ်လို့ လေ့လာသူတွေကပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခကြီးထွားနေတဲ့အခုလိုကာလမှာ ထွက်လာတဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်ခွင့်မူကြောင့်အရပ်သားတွေကြား ပစ်ခတ်သတ်ဖြတ်မှုတွေ ပိုဆိုးလာနိုင်တယ်လို့ လေ့လာသူတွေကတော့ထောက်ပြထားကြပါတယ်။

“အဲ့ဒါတွေကဘာတွေဖြစ်လာမလဲဆိုတော့ အခု ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ရွေးကောက်ပွဲအတွက်လှုပ်ရှားတဲ့သူတွေ၊အသတ်ခံရတဲ့မိသားစုတွေလို့ကြားရတာပေါ့ဗျာ၊အဲ့တော့သူတို့က NUGနဲ့PDFတွေကို လိုလားတဲ့သူတွေကိုပြန်ပြီးတော့ အရေးယူဖို့၊ပစ်ခတ်သတ်ဖြတ်ဖို့အတွက် အချက်အလက်တွေပိုပြီးတော့ ရလာနိုင်တာပေါ့”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အခုလို လက်နက်ကိုင်ဆောင်ခွင့်ပြုထားတာကြောင့် ပြည်တွင်းမှာ ပဋိပက္ခတွေပိုမိုဆိုးရွားလာမယ့်အပြင် မင်အောင်လှိုင်ရဲ့ရွေးကောက်ပွဲနည်းလမ်းနဲ့မြန်မာပြည်ဖော်ဆောင်ရေးဟာ ဖြစ်လာမှာမဟုတ်ဘဲ တော်လှန်ရေးအရှိန် အဟုန်မြင့်လာဖို့သာရှိတယ်လို့လည်း ဦးသန်းစိုးနိုင်ကပြောပါတယ်။