လီဆူ

  • လီဆူလူမျိုးများကို အချို့ဒေသများတွင် ယောယင်ဟု ခေါ်၍ အချို့ဒေသများတွင် လီရှောဟု ခေါ်ဆိုကြသည်။ ယောယင် ဟူသောနာမည်သည် တရုတ်လူမျိုးက ဂျိန်းဖော့ လူမျိုးကို ခေါ်ဆိုခဲ့သော နာမည်ဖြစ်သည်။ ထိုနာမည်မှာ ဂျိန်းဖော့လူမျိုးတွေကို ခေါ်ခဲ့သောနာမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဂျိန်းဖော့လူမျိုးတွေက လီဆူလူမျိုးကို ထိုနာမည်ခေါခဲ့သည်။

 

  • လီဆူတို့ သည် တခြား ကချင်မျိုးနွယ်စုများနည်းတူ ရှေးယခင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ဒေသတွင် အခြေစိုက်နေထိုင်ခဲ့သည်။ လီဆူတို့သည် ပူတာအိုဘက်သို့ တစ်စတစ်စ ထိုးဖောက်ဝင်ရောက်လာခဲ့ကြလေသည်။ အချို့တို့သည် သံလွင်မြစ်ကြောင်းအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ တစ်စတစ်စပျံ့နှံ့သွားခဲ့ကြသည်။

 

  • မြောက်ဖျားဒေသရှိ လီဆူတို့သည် ပူတာအို၊ လောခေါင်နှင့် စိန်လုံတောင်တန်း၊ တရုတ်နိုင်ငံ ယူနန်နယ်စပ် ဧရာဝတီနှင့် သံလွင်မြစ် ဖျားကောင်းလူတိုက်နယ် စသည့်အရပ်များတွင် ပျံ့နှံ့နေထိုင်လျက် ရှိကြသည်။ လီဆူလူမျိုးတို့သည် မိမိတို့လူမျိုးများ၏ မူလနေထိုင်ရာ ဒေသ ကြီးမားကျယ်ပြန့်သော (မြစ်ကြီး) တစ်ခု၏ အဖျားပိုင်းမှ ဖြစ်သည်၊ မြင့်မားသော အထက်ပိုင်း အရပ်ဒေသဆီမှ ဆင်းသက်လာ ကြသော လူမျိုးများဖြစ်သည်ဟု လက်ခံယုံကြည်ထားကြပေသည်။ လီဆူလူမျိုးများကို အများအပြား တွေ့မြင်နိုင်ကြသည့် နေရာတချို့ကား ၎င်းတို့ အခြေချနေထိုင်သည့် ပူတာအိုနယ် အချိန်းခမြစ်ဝှမ်းဒေသပင် ဖြစ်သည်။ လီဆူလူမျိုးသည် တိဗက်မြန်မာအနွယ်ဝင် လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ 

 

ကောက်နုတ်ချက်။      ။ 

ဤအချက်အလက်များကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂) စာအုပ်၊ လီဆူလူမျိုး အကြောင်းအခန်း၌ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။