တိုက်ပွဲ ပြင်းထန်နေတဲ့ ဘက်ခ်မတ်မြို့ကို လက်လွှတ်ရနိုင်တယ်လို့ ယူကရိန်း အရိပ်အမြွက်ပြော

မတ်၊ ၂

ရှေ့တန်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေရာ အဓိက ခံတပ်မြို့ဖြစ်တဲ့ ဘက်ခ်မတ်ကနေ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးရဖွယ် ရှိနေတယ်လို့ ယူကရိန်း အစိုးရက အရိပ်အမြွက် ဝန်ခံခဲ့ပါတယ်။

 ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက သတ္တုမိုင်း တူးဖော်ရေး မြို့တခုဖြစ်တဲ့ ဘက်ခ်မတ်ကို ရုရှားက လပေါင်းအတော်ကြာအောင် ထိုးစစ်ဆင်နေခဲ့ပြီး ယူကရိန်း စစ်တပ်က ကြံ့ကြံ့ခံ ကာကွယ်နေခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်အင်အား မမျှသလို နေ့စဉ်ရက်ဆက် လက်နက်ကြီးတွေနဲ့ ထုနှက် ခံနေရတဲ့ မြို့ကနေ အခုတော့ ယူကရိန်းတပ်တွေ ဆုတ်ခွာရဖွယ် ရှိနေပြီလို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တဦးဖြစ်တဲ့ အလက်ဇန္ဒား ရော့ဒ်နီယန်စကီးက ပြောပါတယ်။

 ဘက်ခ်မတ်က ကာကွယ်ရေး တပ်တွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းဟာ အနောက်မဟာမိတ် နိုင်ငံတွေကိုပါ အံ့ဩစေခဲ့သလို ယူကရိန်းရဲ့ ခုခံစစ်ပွဲမှာ အထင်ကရ ရည်ညွှန်းရတဲ့ ပုံရိပ်တခု ဖြစ်လာခဲ့ပါတယ်။ ဘက်ခ်မတ်ဟာ စစ်ပွဲ မတိုင်ခင်တုန်းကတော့ ဆားကျင်းနဲ့ ဂျစ်ပ်ဆမ် သတ္တုမိုင်းတွင်း လုပ်ငန်းတွေ အဓိက လုပ်ကိုင်တဲ့ မြို့တမြို့ပါ။

 စစ်တပ် အနေနဲ့ မြို့ကို မစွန့်ခွာဖို့ ဖြစ်နိုင်ခြေ ရှိသမျှ နည်းလမ်းအားလုံးကို စဉ်းစားထားကြောင်း၊ သူတို့ဟာ ရနိုင်သမျှ ဆက်ပြီး ကျားကုတ်ကျားခဲ ခုခံနေမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ လိုအပ်လာရင်လည်း မဟာဗျူဟာကျကျ ဆုတ်ခွာဖို့ ပြင်ဆင်ထားကြောင်း ရော့ဒ်နီယန်စကီးက ဆိုပါတယ်။ တန်ဖိုးထားရတဲ့ ပြည်သူတွေနဲ့ စစ်သည်တွေကိုတော့ အလဟဿ အပြုန်းတီး ခံမှ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

 ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်မြေပြင်မှာ ဆုံးရှုံးမှုတွေ ဆက်တိုက် ကြုံခဲ့တဲ့နောက် စိတ်ဓာတ်ရေးရာ ပြန်လည် မြှင့်တင်ဖို့အတွက် ဘက်ခ်မတ်ကို သိမ်းယူနိုင်ရေးကိစ္စ အသည်းအသန် အားထုတ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှား အစိုးရဟာ ယူကရိန်းပိုင် ဒွန်းညက်စ် အပါအဝင် ပြည်နယ် ၄ ခုကို ပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။

 ဒါပေမဲ့ ဒွန်းညက်စ်ရဲ့ ဧရိယာ ထက်ဝက်လောက်ကသာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ကျန်တဲ့ တဝက်ကို သိမ်းယူဖို့ဆိုရင် မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဘက်ခ်မတ်မြို့ကို ဖြတ်ကျော်ဖို့ လိုပါတယ်။

 စစ်ရေး သုတေသီတွေက ဘက်ခ်မတ်မြို့ ကျသွားရင် ယူကရိန်းအတွက် မဟာဗျူဟာ ထိုးနှက်ချက် ဖြစ်လာပြီး ရုရှားအတွက် အားသာချက်တွေ ရလာနိုင်တယ်လို့ မှတ်ချက် ပေးထားပေမယ့် စစ်ပွဲကြီး တခုလုံးရဲ့ ရလဒ်အပေါ် သက်ရောက်စေတဲ့ အပြောင်းအလဲတော့ ဖြစ်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားကြပါတယ်။

 ယူကရိန်း ဒုတိယ ကာကွယ်ရေးဝန်ကြီး ဟန်နာ မာလီရာကတော့ ဘက်ခ်မတ်ကို အစွမ်းကုန် ကာကွယ်ဖို့အတွက် ယူကရိန်း စစ်ကူတွေ အခုသီတင်းပတ် အစောပိုင်းမှာ ထွက်ခွာသွားတယ်လို့ ပြောပါတယ်။ လက်ရှိ အခြေအနေအရ ဘက်ခ်မတ်ရဲ့ ပတ်ဝန်းကျင် တစိတ်တပိုင်းဟာ ရုရှားရဲ့ ဝန်းရံ ပိတ်ဆို့မှုကို ခံနေရပြီး ပင်မ ထောက်ပံ့ရေး လမ်းကြောင်းကလည်း ရုရှားတပ်တွေ ပစ်ခတ်ဖို့ လက်လှမ်းမီတဲ့ အခြေအနေထိ ရောက်နေပါတယ်။ အခုဆိုရင် ဘက်ခ်မတ်ဟာ မြို့ပျက်ကြီးတခု ဖြစ်နေပြီး ရုရှားအတွက် မဟာဗျူဟာအရဖြစ်စေ၊ ထောက်ပံ့ပို့ဆောင်ရေး စခန်းဖြစ်စေ ထိထိရောက်ရောက် အသုံးချနိုင်မယ့် အခြေအနေလည်း မရှိတော့ဘူးလို့ ယူကရိန်း စစ်တပ်ရဲ့ စစ်ရေးသုတေသီ တဦးဖြစ်တဲ့ အိုလာ ဇာဒါနော့ဗ်က ဆိုပါတယ်။

 ဘက်ခ်မတ်ရဲ့ ကြံ့ကြံ့ခံမှုကြောင့်သာ ယူကရိန်းဟာ ဆောင်းရာသီမှာ ယုတ်ယုတ်ကန်းကန်း စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ ကြံစည်ထားတဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ အစီအမံတွေကနေ သက်သာရာ ရခဲ့တာလို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒီမစ်ထရို ကူလီဘာကလည်း ဆိုပါတယ်။ ဘက်ခ်မတ်ဟာ လူ့သမိုင်းတလျှောက် အခက်ခဲ၊ အကြမ်းတမ်းဆုံး ဆောင်းရာသီကို ရှင်သန် ဖြတ်သန်းနိုင်ခဲ့တယ်လို့လည်း သူက Facebookမှာ ရေးသားထားခဲ့ပါတယ်။