မတ်၊ ၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီကဖေဖော်ဝါရီ၂၈ရက်နေ့ညနေပိုင်းကနေစတင်ပြီးစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးပြီးလေကြောင်းကတိုက်ခိုက်သလို အိမ်ခြေ၆၀၀လောက်မီးရှို့ခဲ့တာကြောင့်ဒေသခံတွေထွက်ပြေးနေရတယ်လို့သိရပါတယ်။
“မနေ့ညနေကစစ်ကြောင်းထိုးတာသူတို့ဘက်ကအထိနာတယ်ထင်တယ် ။ဒီနေ့လေကြောင်းနဲ့ပါလာတိုက်တယ် ။ကုန်းရွာ ကအိမ်ခြေ ၆၀၀ကျော်လောက်မီးရှို့သွားတယ်။
ကိုယ့်ဘက်က၂ဦးသေနတ်မှန်ထားတာတော့ရှိတယ် ။သူတို့ဘက်ကအကျအဆုံးများနိုင်တယ်။ကြီးကြီးမားမာတွေမို့လာသယ်သွားတာဖြစ်မယ်”လို့ယင်းမာပင်မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဦးဇော်ထူးအောင်က DNAကိုပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကုန်းရွာထဲကဒေသခံနှစ်ဦးကိုလဲမီးရှို့သတ်ဖြတ်ထားတဲ့ရုပ်အလောင်းတွေကိုတွေ့ရတယ်လို့သိရပါတယ်။
လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးမီးရှို့နေတာကြောင့်ယင်းမာပင်မြို့ အနောက်ဘက် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးကပြောင်းပြာရွာ ၊ မြို့ပေါ်ရွာ ၊ စားတော်ပြင်ရွာ ၊ လက်လှုပ်ရွာ ၊ ရုံးလေးပင်ရွာ ၊ ရေအောက်ရွာ ၊ ကုန်းရွာ ၊ ဇီးတောတောင်ရွာ ၊ ဇီးတောမြောက်ရွာ ၊ နုံးကြီးရွာ ၊ ပေါက်ပန်းဖြူရွာ နဲ့အနီးဝန်းကျင်ကကျေးရွာတွေကဒေသခံတွေစစ်ရှောင်နေရတယ်လို့သိရပါတယ်။
“PDFမနိုင်လို့ကုန်းရွာတစ်ရွာလုံးကိုရွာလုံးကျွတ်မီးရှို့တာ။အိမ်ခြေတစ်ထောင်ကျော်လောက်ရှိတဲ့အရပ်သားပြည်သူတွေရဲ့နေအိမ်ကပြာပုံကြီးဖြစ်သွားတယ်။စစ်ကောင်စီဘက်ကအသေများတယ်။ကုန်းရွာကတော့တရွာလုံးပြာကျတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်နယ်ထဲမှာ စစ်ကြောင်းထိုးမှုတွေဆက်လုပ်နေပြီးဒီကနေ့ မတ်လ ၁ ရက်မှာလည်း ရေထွက်ရိုး၊ ရေအောင့်ရွာ နဲ့ကုန်းရွာ တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးမီးရှို့တာကြောင့်ဒေသခံဦးရေတသောင်းကျော်စစ်ရှောင်နေရပြီးစားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့လည်းသိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခု ယင်းမာပင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းကပါ ပိုမိုဖိအားပေးတိုက်ခိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းမာပင်မြို့နယ်ဟာ စစ်ကိုင်းတိုင်းအတွင်းထဲက အခြားမြို့နယ်များနည်းတူ အာဏာသိမ်း စစ်ကောင်စီကို ၂၀၂၁ ခုနှစ်အတွင်းက စတင်ပြီး ခုခံတော်လှန်တိုက်ခိုက်လျက်ရှိတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲက ကျေးရွာတွေကို ပိုမိုဖိနှိပ်လာပြီး လူသတ် မီးရှို့ဖျက်ဆီးတာ လုယက်တာတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။
ဒါ့အပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊မီးရှို့ဖျက်စီမှု၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေကြောင့် တနိုင်ငံလုံးစစ်ရှောင် ၁ဒဿမ ၆သန်းကျော်မှာ ရှစ်သိန်းနီးပါးနဲ့မီးရှို့ခံရတဲ့ အိမ်ခြေငါးသောင်းခွဲကျော်မှာလည်း လေးသောင်းကျော်ဟာစစ်ကိုင်းတိုင်းကဖြစ်တယ်လို့ ISP Myanmar ကထုတ်ပြန်ထားပါတယ်။