ရန်ကုန်မှာ စစ်ပြေး၊ ရဲပြေးတွေကို စစ်ကောင်စီလိုက်ဖမ်းနေပြီး မိသားစုတွေကိုပါ ဓါးစာခံထားနေ

မတ်၊ ၁

စစ်ကောင်စီတပ်ကို အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာပြေးတဲ့ စစ်တပ်နဲ့ရဲဘက်ဆိုင်ရာတွေက သူတွေကို စစ်ကောင်စီက ရန်ကုန်မြို့ထဲမှာ အပူတပြင်းရှာဖွေတာတွေဖမ်းဆီးတာတွေလုပ်နေတယ်လို့ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။

အဲဒီလိုဖမ်းဆီးရာမှာ စစ်အာဏာမသိမ်းခင်ကတည်းက စစ်တပ်ကိုစွန့်ခွာသူတွေပါအဖမ်းခံရတဲ့အခြေအနေဖြစ်နေတာလို့ဆိုပါတယ်။

“ကျွန်တော်တို့နားကကောင်လေးဆိုရင် ဒီနိုင်ငံရေးအခြေအနေတွေမဖြစ်ခင်ကတည်းက ပြေးလာတာ။ရပ်ကွက်ထဲမှာ ဆိုက်က္ကားနင်းတယ်။သူ့ဘာသာအေးအေးဆေးဆေးနေတယ်။နိုင်ငံရေးတွေဖြစ်တော့လည်း ဘာမှမလုပ်ဘူး။ပြောရရင် နှစ်နှစ်၊သုံးလောက်နှစ်လောက်ရှိနေပြီ။အဲ့ဒါကို ၂၈ရက်နေ့ကမှ လာဖမ်းသွားတာ”လို့ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

 စစ်ကောင်စီတပ်တွေဟာ အခုလိုတပ်ကနေစွန့်ခွာထွက်ပြေးသူတွေကို ဖမ်းဆီးတာတွေအပြင် မိသားစုဝင်တွေကိုပါ ဓါးစားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

” အရင်ဆုံး သူတို့ကနေရပ်လိပ်စာတွေနဲ့ လိုက်တယ်။ပြီးရင် ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကနေ စောင့်ကြည့်ခိုင်းတယ်။ပြန်လာဖို့ ပြောတာပေါ့။အဲ့လိုမှ ပြန်မလာရင် လိုက်ဖမ်းတယ်။ဖမ်းလို့မှမမိရင် သူရဲ့မိသားစုဝင်တွေကို ခေါ်သွားကြတာ။ပြောရရင် လာလဲခိုင်းတဲ့ပုံစံမျိုးပေါ့။”လို့ ခေါ်ယူဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေနဲ့နီးစပ်သူတွက ပြောပါတယ်။

အခုလိုစစ်တပ်ကိုစွန့်ခွာပြေးသူတွေကို အာဏာသိမ်းကာလအစမှာလည်း လုပ်ဆောင်ပေမယ့် အခုရက်ပိုင်းအတွင်းမှတော့ စီမံချက်နဲ့ဖမ်းဆီးတဲ့ပုံစံမျိုးလုပ်ဆောင်လာတာဖြစ်တယ်လို့  စစ်ကောင်စီအုပ်ချုုပ်ရေးနဲ့ နီးစပ်သူကလည်းဆိုပါတယ်။

” မဖမ်းတာကြာပြီ။သူတပ်အလိုက်ပြေးတဲ့သူရှိရင် သူတပ်ကအစီအစဥ်နဲ့ပဲပြန်ခေါ်တာ။အခုက စစ်ပြေး၊ရဲပြေးတွေကို တင်းတင်းကြပ်ကြပ်နဲ့ကိုဖမ်းနေတာ။အခုက တပ်တွေမှာ ပြေးတဲ့သူတွေကများတော့ မဖြစ်မနေပြန်ဖမ်းတာ”လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေမှာ အခုလိုစစ်တပ်ကိုစွန့်ခွာထွက်ပြေးသူတွေကို စစ်ပြေးမှု ၊ အမိန့်မနာခံမှုတွေနဲ့အရေးယူတာတွေအပြင် စစ်ခုံရုံးဆိုင်ရာပုဒ်မတွေတပ်ပြီး ခြိမ်းခြောက်ပြီး ပြန်လည် စစ်မှုထမ်းခိုင်းတာတွေလည်းရှိနေလို့လည်း စစ်ကောင်စီနဲ့နီးစပ်သူတွေကဆိုပါတယ်။

စစ်ကောင်စီတပ်တွေမှာ အခုလို တပ်ကိုစွန့်ခွာထွက်ပြေးသူတွေဖမ်းဆီးမိပါက စစ်ပြေးမှု၊အမိန့်အနာခံမှုတွေနဲ့ အရေးယူတာတွေအပြင် သေဒဏ်အထိအရေးယူခံရနိုင်တဲ့ ပြစ်မှုခြိမ်းခြောက်ပြီး ပြန်လည်စစ်မှုထမ်းခိုင်းတာတွေရှိနေပြီး ဖမ်းဆီးမမိသူတွေကို စစ်ခုံရုံးကသေဒဏ်ချမှတ်နိုင်တဲ့ပြစ်မှုတွေတပ်ထားတယ်လို့လည်း စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကပြောပါတယ်။