ဒုံသမိ တံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက် ၊ စစ်ကောင်စီတပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

မတ်၊ ၁

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံသမိတံတား ကရင်ပြည်နယ်ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်ကို ဒီကနေ့ (မတ် ၁ ရက်) KNU ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။

ဒီကနေ့ နံနက် ၁၁ နာရီခန့်မှာ ဒူးရင်းဆိပ်ကျေးရွာအုပ်စု ၊ဒုံသမိတံတား ၊ကရင်ပြည်နယ်ဘက်ခြမ်းက စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်ကို KNU ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံး ၂ လုံးပစ်ချခဲ့ခြင်းဖြစ်ပါတယ်။

ပစ်ချလိုက်တဲ့ ဗုံးသီးဟာ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးယူနေတဲ့ ဘန်ကာ အပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီဘက် က ၂ ဦးသေဆုံးကာ၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို အတည်ပြု ပြောဆိုပါတယ်။

“ ၁၁ နာရီလောက်မှာ ဖြစ်သွားတာ၊ လုံခြုံရေးတပ်ဖွဲ့တွေ ရှိတဲ့နေရာ တည့်တည့်ကို ကျတာပါ။၂ လုံးပါ၊ ၂ လုံးပါ။၂ ယောက်က ပွဲချင်းသေတာတော့ မဟုတ်ဘူး။ဆေးရုံမှာ ဆုံးသွားတာပါ၊ တပ်သားတစ်ဦးနဲ့ တပ်ကြပ်တစ်ဦးပါ၊ ဒဏ်ရာရတဲ့သူတွေ ၂ ယောက်ပါ၊ မစိုးရိမ်ရဘူး။နည်းနည်းပါးပါးဗုံးစထိမှန်သွားတာလောက်ပါပဲ။KNU ဘက်က လုပ်တာလို့ သတင်းရထားပါတယ်။ သေချာပါတယ်။” ဟု ၎င်းက ပြောပါတယ်။

ယင်းနောက်စစ်ကောင်စီရဲ့ ခမရ(၂၀၆)တပ်မှ ကျုံမှိန်ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ လက်နက်ငယ်များနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဟုတ်တယ်။လက်နက်ကြီးနဲ့ လက်နက်ငယ်တွေနဲ့ ပစ်နေတာ။အရပ်သားတဦးဒဏ်ရာရသွားတယ်။ ဒီရွာကတော့ မဟုတ်ဘူး။ခြေထောက်နည်းနည်းထိသွားတယ်လို့ ကျွန်မတို့ သိထားရတယ်။ဒီလိုလက်နက်ကြီးတွေပစ်နေတော့ ရွာသားတချို့ကလည်း ပြေးကြတာပေါ့။အခုတော့ တချို့က ပြန်လာနေကြတာ ရှိတယ်။ ဒီဘက်မှာက မအေးချမ်းဘူးနော်၊ အမြဲတမ်းကြောက်နေကြရပါတယ်။ ရွာသားတွေကလေ၊ ကျွန်မတို့ရွာတစ်ခုထဲမဟုတ်ဘူး၊ အနီးအနားရွာကလည်း ဒီလိုပဲ ကြောက်တာပေါ့၊ သူတို့လက်နက်ကြီးပစ်ရင် ပြေးရတာပေါ့။” ဟု ၎င်းက ပြောပါတယ်။

ယင်းပစ်ခတ်တိုက်ခိုက်ခံရတဲ့ နေရာက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) နယ်မြေဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ စစ်ဆေးရေးဂိတ်ကလည်း စစ်ကောင်စီတပ်၊ ရဲနဲ့ တာဝန်ကျနေတဲ့ဌာနဆိုင်ရာဝန်ထမ်းတချို့က ခရီးသွားပြည်သူတွေအပေါ်မှာ ငွေကြေးအဆမတန်းကောက်ခံတာနေတာနဲ့ စစ်ဆေးရေးတင်းကြပ်တဲ့ ဂိတ်တစ်ခုလည်း ဖြစ်တယ်လို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။

“ ဟာ အဲဒီနေရာဆို အရမ်းစစ်ဆေးတာ၊ ကုန်ကားသမားတွေဆို ပိုက်ဆံတောင်းတယ်။တကယ်လို့ ခရီးသွားကားတို့ အိမ်စီးကားတို့ဆိုရင် အရမ်းစစ်တာနော်။အဲနေရာရောက်ရင် အကုန်လုံးဆင်းပဲ တယောက်ချင်းဆီကို ဖုန်းတွေ အိတ်တွေကို သေချာစစ်တာနော်။အရမ်းတင်းကြပ်တယ်။စကားအပြောအဆိုကလည်း ကြမ်းတမ်းသလားမပြောနဲ့ သူတို့ကို အရမ်းကြောက်နေရတယ်။အဲဒီဂိတ်မှ မဟုတ်ပါဘူး၊ ဂိတ်အားလုံးလိုလိုပါပဲ။” ဟု ၎င်းက ပြောပါတယ်။

မွန်ပြည်နယ်မှာဆိုရင် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ၊ ကင်းစခန်းတွေ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခံရတာနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖက်က ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။