CB ဘဏ်ကို ဓါးပြတိုက်တဲ့ လူငယ်နှစ်ဦးကို ပုဇွန်တောင်ရဲစခန်းမှာ ဓားပြမှုနဲ့အမှုဖွင့်ထား

ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊ အာက်ပုဇွန်တောင်လမ်းကြီးမှာဖွင့်ထားတဲ့ CB ဘဏ်ကို ဒီကနေ့ မတ်လ ၁ရက်နေ့မှာ လူငယ်နှစ်ဦးက ဓါးပြဝင်တိုက်မှုဖြစ်ခဲံ့ပြီးနောက် အဲဒီလူငယ်နှစ်ဦးကို  ပုဇွန်တောင်ရဲစခန်းမှ အမှုဖွင့်ထားတယ်လို့ CB ဘဏ်ရဲ့နီးစပ်သူတွေက DNAကိုပြောပါတယ်။

” လောလောဆယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေဆိုပေမယ့် အမှုလမ်းကြောင်းအရကတော့ လုပ်ရတာပေါ့။လောလောဆယ်တော့ ဓားပြမှုနဲ့အမှုဖွင့်ထားတယ်လို့ သိရတယ်”လို့ CBဘဏ်နဲ့ နီးစပ်သူက ‌ပြောပါတယ်။

အဲဒီလူငယ်နှစ်ဦးဟာ အသက်မပြည့်သေးတဲ့လူငယ်တွေဖြစ်ပြီး ဘဏ်ဓါးပြတိုက်ရာမှာ သေနတ်အတု ကိုလည်းသုံးခဲ့တယ်လို့ လည်း စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဖော်ပြနေပါတယ်။

ဒီလူငယ်တွေဟာ ဒီကနေ့ နေ့လယ်ပိုင်းက အောက်ပုဇွန်တောင်လမ်းမကြီး၊ လိပ်ကန်အိမ်ရာမှာရှိတဲ့ CB ဘဏ်ခွဲအတွင်းကို သေနတ်နဲ့ ဓါးမြှောင်ကိုအသုံးပြုပြီး ဘဏ်အတွင်းကလူတွေကိုမလှုပ်ဖို့ အော်ဟစ်ကာဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက်ဘဏ်အတွင်းက ပြည်သူတဦးဟာလူငယ်တွေကိုင်ဆောင်ထားတဲ့ သေနတ်ဟာ အတုဖြစ်နေကြောင်းသိရှိပြီး ဝင်ရောက်လုံးထွေးသတ်ပုတ်ရာကနေ တခြားဘဏ်အတွင်းမှာရှိနေတဲ့လုံခြုံရေး ဝန်ထမ်းတွေကပါ  ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့  ဖြစ်စဉ်ကိုသိတဲ့ CBဘဏ်နဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။

“အားလုံးဝိုင်ဖမ်းပြီး မိတော့မှ လက်ပြန်ကြိုးတုတ်ပြီးမှ စစ်တပ်ကိုဘဏ်ကနေခေါ်လိုက်တာ။ရဲတွေရော၊စစ်တပ်ရောရောက်လာတယ်။ပြီးတော့ ပုဇွန်တောင်ရဲစခန်းကိုခေါ်သွားတာ။အမှုဖွင့်တာကတော့ ဘဏ်မန်နေဂျာကပဲ လုပ်တာပေါ့”လို့ CBဘဏ်နဲ့ နီးစပ်သူက ပြောပါတယ်။

ဘဏ်ဓားပြတိုက်ခဲ့တဲ့ လူငယ်နှစ်ဦးဟာ ပုဇွန်တောင် မြို့နယ်အတွင်းမှာနေထိုင်တဲ့ အသက် ၁၄နှစ်နဲ့ ၁၅နှစ်အရွယ်လူငယ်တွေဖြစ်တယ်လို့လည်းဆက်သိရပါတယ်။