စာငတ်သူတို့အတွက် ရေချမ်းစင်

မတ်၊ ၁

ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေနဲ့ ကုန်းကျော်တံတားတွေအောက်မှာတော့ လမ်းဘေးကလေးငယ်တွေကို စာသင်ပေးနေတဲ့ ပရဟိတလူငယ်တချိုနဲ့စာသင်နေတဲ့ကလေးငယ်တွေကို မြင်တွေ့နိုင်ပါတယ်။

လမ်းမတွေ ဘေးမှာရှိတဲ့ ရေချမ်းစင်တွေဟာ လူတန်းစာအလွှာတခုအတွက်ဖြစ်သလိုရေချမ်းစင်ဆိုတဲ့ လမ်းဘေးစာသင်ဝိုင်းလေးဟာလည်း အကြောင်းအမျိုးမျိုးကြောင့်ပညာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေကို  ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

မီးပွိုင့်တွေနား ဈေးရောင်းတဲ့ကလေးငယ်တွေ၊ တောင်းရမ်းစားသောက်တဲ့ကလေးငယ်တွေနဲ့အကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းပြင်ပမှာ ပုံစံမျိုးစုံနဲ့ရုန်းကန်နေရလို့ စာငတ်နေတဲ့ကလေးငယ်တွေအတွက်တော့ ရေချမ်းစင် စာသင်ဝိုင်းလေးဟာ စာငတ်ပြေရာနေရာလေးတခုဖြစ်နေပါတယ်။

ဒီစာသင်ဝိုင်းတွေဟာ  ရန်ကုန်မြို့ လှည်းတန်း၊ အင်းယားကန်ဘောင်လှိုင်သာယာ ၊ အင်းစိန်ဒညင်းကုန်း စတဲ့နေရာတွေမှာရှိနေပြီးကလေးငယ် အယောက် ၈၀ လောက်ကို စာ သင်ကြားပေးနေပါတယ်။

တဖက်မှာလည်း လမ်းဘေးမှာ စာသင်ရတဲ့ စာသင်ဝိုင်းလေးဟာ လက်ရှိနိုင်ငံရေးအခြေအနေ မငြိမ်မသက်မှုတွေကြားမှာ အခက်အခဲတွေလည်းအမျိုးမျိုးကိုအံတုရင်းသင်ကြားနေကြတယ်လို့ဆိုပါတယ်။

ရေချမ်းစင်လမ်းဘေးစာသင်ဝိုင်းလေး ရေရှည်ရပ်တည်နိုင်ဖို့ကတော့ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုတွေလိုအပ်သလို ၊ အလှူရှင်တွေရဲ့ထောက်ပံ့ကူညီမှုတွေလည်းလိုအပ်နေတယ်လို့ စာသင်ဝိုင်းကိုတည်ထောင်သူတွေကဆိုကြပါတယ်။ 

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းမတက်နိုင်တဲ့ကလေးငယ် နှစ်ဆကျော်တိုးလာပြီးကလေးငယ် ၈သန်းနီးပါးဟာ ပညာသင်ယူခွင့်တွေဆုံးရှုံးပြီး စာသင်ကျောင်းပြင်ပကိုရောက်နေပြီလို့ save the children ကလည်းထုတ်ပြန်ထားပါတယ်။