မီးသွေးဖုတ်တဲ့ လူငယ်တဦးကို စစ်ခုံရုံးက ထောင်တသက်တစ်ကျွန်းချမှတ်

မတ်၊ ၁

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက မီးသွေးဖုတ်တဲ့ ဒေသခံတဦးကို ဒေသကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ ပက်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ Indaw Revolution – IR အဖွဲ့က တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။

အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စုက ကမ်းနီရွာသားတဦးဖြစ်တဲ့ ကိုမင်းမင်းဦးကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အင်းတော်မြို့ပေါ်က စစ်ဆေးရေး ဂိတ်တခုမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

အဲဒီနောက်သူကို စစ်အုပ်စုက ဒေသကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ ပက်သက်တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ထောင်ဒဏ်အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

” သူအဖမ်းခံရတာကိုတောင် သူမိဘတွေက ၃ ရက်လောက်မသိဘူး။ သူကတောထဲမှာ မီးသွေးဖုတ်ရင် သူမိဘကို ရှာဖွေကျွေးမွေးနေတဲ့သူပါ။ မြို့ပေါ်ကို ပစ္စည်းဝယ်ဖို့လာရင် သူပုံစံက မီးသွေးဖုတ်တော့ ပေပွနေတာကိုကြည့်ပြီး စစ်တပ်က PDF ထင်ပြီးဖမ်းလိုက်တာပါ။ တကယ်တော့ သူက အရပ်သား သာမန်လူပါ ” လို့ သူက ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ ကိုမင်းမင်းဦးကို စစ်ခုံရုံးက ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း ၂၀ အတွင်းမှာ အခုလို တသက်တကျွန်းပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး အမှုနဲ့ ပက်သက်ပြီး ခုခံ ချေပခွင့်မရခဲ့သလို လက်ရှိမှာလည်း မိသားစုနဲ့ တွေ့ခွင့်မပေးဘူးလို့လည်းမိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်းတော်မြို့ကို စစ်ကောင်စီက စစ်အုပ်ချူပ်ရေးအဖြစ် သတ်မှတ်ပြီး တလအတွင်းမှာ PDF နဲ့ပက်သက်တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူပေါင်း ၆ ဦးထက်မနည်းရှိပြီး ကိုမင်းမင်းဦးကို ပထမဆုံး အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

” စစ်အုပ်ချူပ်ရေး ကြေညာပြီးတော့ ဖမ်းဆီးခံရတဲ့လူတွေကို ရဲစခန်းမှာ မထားတော့ဘူး။ စစ်တပ်ကုန်းလို့ ခေါ်တဲ့နေရာမှာ ထားတယ်။ နောက်တော့ ကသာထောင်ကို ပို့မယ်လို့ ထင်တယ်။ သူမိသားစုနဲ့လည်း ထောင်ဝင်စာ မတွေ့ရဘူးလို့ ကြားတယ် ” လို့ Indaw Revolution – IR အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိ အင်းတော်မြို့ပေါ်မှာ စစ်အုပ်စုက စစ်ဆေးရေးကို တင်းတင်းကျပ်ကျပ် လုပ်ကိုင်နေသလို အရပ်သားပြည်သူတွေကိုလည်း အကြောင်းမဲ့ဖမ်းဆီးတာတွေ လုပ်နေတယိလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်ချူပ်ရေး သတ်မှတ်ထားတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာလည်း ပြီးခဲ့တဲ့လပိုင်းက စစ်ခုံရုံးက ဒေသခံ ၆ ဦးကို အကြမ်းဖက်မှုနဲ့ ပက်သက်တဲ့စွပ်စွဲချက်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေကို ချမှတ်ခဲ့ပါသေးတယ်။