အွန်လိုင်းဂိမ်းနဲ့ ချေးငွေလုပ်ငန်းလုပ်ကိုင်သူ အယောက်ခုနှစ်ဆယ်ကျော်ကိုဖမ်းမိတယ်လို့ စစ်ကောင်စီကြေညာ

မတ်၊ ၁

ရန်ကုန်မြို့မှာ အင်တာနက်ပေါ်ကနေ ဂိမ်းနဲ့ချေးငွေလုပ်ငန်းလုပ်ကိုင်နေသူတွေကို ဖမ်းဆီးရမိပြီး လောင်းကစားဥပဒေပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာလာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ရန်ကုန်တိုင်းဒေသကြီး၊  လှိုင်သာယာမြို့နယ်နဲ့ လှိုင်မြို့နယ်က TTBet Online Game လောင်းကစားလုပ်ငန်း နဲ့ Golden Gift ( ရွှေလက်ဆောင်) Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်း လုပ်ကိုင်သူအမျိုးသား ၁၆ဦးနဲ့ အမျိုးသမီး ၃၂ဦး စုစုပေါင်း ၄၈ ဦးကို ဖမ်းဆီးရမိတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်တာနက်ကနေအခကြေးငွေနဲ့ဆော့ကစားရတဲ့ ဂိမ်းတွေဟာ အာဏာသိမ်းကာလ ၂နှစ်တာအတွင်းလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ပိုမိုကျယ်ပြန့်လာတာဖြစ်ပြီး ဒီဂိမ်းတွေကို အွန်လိုင်းဆယ်လီလို့ခေါ်သူတွေအပါအဝင် သရုပ်ဆောင်တချို့ကလည်းဆက်တိုက်ဆိုသလို ကြေညာခဲ့ပါတယ်။

အဲဒီဂိမ်းတွေကို အွန်လိုင်းငွေလွှဲဝန်ဆောင်မှုတွေကနေ ငွေပေးဆော့ကစားရတာဖြစ်ပြီး ငွေကျပ်အနည်းဆုံး ထောင်ဂဏန်းကနေ စတင်အကောင့်ဖွင့်ရတာဖြစ်သလို အဆတွေနဲ့ ပေးလျော်ပြီး လူတွေကို မက်လုံးပေးဆွဲဆောင်ကာ လိမ်လည်မှုတွေလည်းရှိတယ်လို့ ရန်ကုန်မြို့ခံတဦးကလည်း မှတ်ချက်ပြုပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခုလိုအွန်လိုင်းလောင်းကစားဂိမ်းတွေအပြင် တိုင်းဒေသကြီးတချို့မှာ လောင်းကစားဝိုင်းတွေလည်း ပေါ်ပေါ်ထင်ထင်လုပ်လာကြပြီး ဦးဆောင်သူတချို့ကတော့ စစ်ကောင်စီအုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုထားတာတွေရှိနေပါတယ်။