ယူကရိန်းစစ်ပွဲက အောင်မြင်မှုတွေကြောင့် HIMARS အတွဲလိုက်ပစ် ဒုံးကျည်စနစ် ဝယ်လိုအားတက်လာ

မတ်လ၊ ၁

ယူကရိန်း စစ်ပွဲက အောင်မြင်မှုတွေကြောင့် HIMARS အတွဲလိုက်ပစ် ဒုံးကျည်စနစ်အပေါ် တောင်းဆိုမှု ဝယ်လိုအားတွေ မြင့်တက်လာနေတယ်လို့ အမေရိကန်ရဲ့ Lockheed Martin ကုမ္ပဏီက အတည်ပြုပါတယ်။

မြန်နှုန်းမြင့် ရွေ့လျားနိုင်တဲ့ လက်နက်ကြီး ဒုံးကျည်စနစ်ကို အတိုကောက် ခေါ်ဝေါ်တဲ့ HIMARSဟာ ယူကရိန်း စစ်မြေပြင်မှာ ကျူးကျော်သူ ရုရှားတပ်တွေ ဦးနှောက် အခြောက်ရဆုံး စစ်လက်နက် တခု ဖြစ်နေပါတယ်။ အမေရိကန်က ရုရှားကို HIMARS စနစ်တွေ ထောက်ပံ့ခဲ့တဲ့နောက် ရုရှားရဲ့ လက်နက်ကြီးပစ်အား အလေးသာမှုဟာ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ 

HIMARSဟာ ယူကရိန်းက လက်တွေ့ စစ်မြေပြင်မှာ အထိရောက်ဆုံး အောင်မြင်မှုတွေ ရရှိနေတဲ့နောက် ဒီစနစ်ကို တခြားနိုင်ငံတွေကပါ ပိုမို မှာယူလာတဲ့အတွက် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ဖို့ စီစဉ်နေကြောင်း Lockheed Martinရဲ့ ဒုံးကျည်ဌာန ဒုတိယ ဥက္ကဋ္ဌ ဂျနီဖာ မက်မာနက်စ်က အတည်ပြုပါတယ်။

စစ်မြေပြင်မှာ မိုဘိုင်းဖုန်းတွေရဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို အများအပြားမှာ HIMARSရဲ့ အထင်ကြီးလောက်စရာ စစ်ဆင်ရေး စွမ်းရည်တွေကို အတည်ပြု တွေ့မြင်ခဲ့ကြရပါတယ်။ စစ်ပွဲမှာ လက်တွေ့ အသုံးဝင်တဲ့ လက်နက် စနစ်တခု ဆိုတာကို မှတ်ကျောက်တင်ခံပြီး ဖြစ်တဲ့နောက် နေ့တိုင်းလိုလို အမှာစာကိစ္စ စုံစမ်းမှုတွေ တိုးမြှင့် ရရှိနေတယ်လို့ မက်မာနက်စ်က ဆိုပါတယ်။

Lockheed Martinဟာ HIMARSတွေကို ကမ်ဒန်ဆိုတဲ့ မြို့လေးတမြို့က စက်ရုံမှာ ထုတ်လုပ်နေပါတယ်။ စတုရန်းပေ ၂၈၂၀၀၀ လောက် ကျယ်ဝန်းတဲ့ စက်ရုံဧရိယာမှာ ပြီးခဲ့တဲ့နှစ်က အဆင့်မြှင့် မွမ်းမံမှုတွေ ထပ်မံ ဖြည့်တင်းထားခဲ့တာကြောင့် အရေအတွက် မြှင့်တင် ထုတ်လုပ်ရေး တောင်းဆိုမှုတွေအတွက် နောက်ထပ် ရင်းနှီးမြှုပ်နှံမှု အနည်းအကျဉ်းလောက်သာ ထပ်လိုလိမ့်မယ်လို့လည်း မက်မာနက်စ်က ဆိုပါတယ်။

Lockheed Martinဟာ အရင်က တနှစ်ကို HIMARS စနစ် ၄၈ ခုလောက် ထုတ်လုပ်နေရာကနေ ၂၀၂၂ ကစလို့ အခု ၆၀ ထိ တိုးမြှင့် ထုတ်လုပ်ခဲ့ရပါတယ်။ အခုတော့ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး HIMARSဟာ အမေရိကန် မဟာမိတ်တွေကြားမှာ ရေပန်းအစားဆုံး လက်နက်စနစ်တခု ဖြစ်လာနေပါပြီ။

ပြီးခဲ့တဲ့ လတုန်းကဆိုရင် ပိုလန်ဟာ HIMARS စနစ် ၁၈ ခုအပြင် ဒုံးကျည် ပစ်ခတ်တဲ့ Kit ၄၆၈ခုကိုပါ ဝယ်ယူဖို့ အမေရိကန် အစိုးရနဲ့ ညှိနှိုင်း သဘောတူနိုင်ခဲ့ပါတယ်။ အဲဒီ Kitတွေကို ပိုလန်နိုင်ငံထုတ် ထရပ်ကားတွေမှာ တပ်ဆင်ပြီး အလားတူ လက်နက် စနစ်မျိုးအဖြစ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

 Ref: Reuters