အချိန်အကြာပြီး စောင့်ခဲ့ရပြီးမှ ဂျူဗင်းတပ်စ်အတွက် ဒုတိယအကြိမ် ပွဲထွက်နိုင်ခဲ့ပြီဖြစ်တဲ့ ပေါ့ဂ်ဘာ

မတ်လ၊ ၁

ပြိုင်ပွဲအဆင့် ဘောလုံးပွဲတွေနဲ့ ကင်းကွာနေတာ ရက်ပေါင်း ၃၀၀ ကျော် ကြာမြင့်ခဲ့တဲ့နောက် ပေါလ်ပေါ့ဂ်ဘာဟာ သူ့ရဲ့ လက်ရှိကလပ် ဂျူဗင်းတပ်စ်အတွက် ဒုတိယ အကြိမ်မြောက် ပွဲထွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ပြင်သစ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကနေ အသင်းဟောင်း ဂျူဗင်းတပ်စ်ဆီ တကျော့ပြန် ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အချိန်ကစလို့ သူဟာ အီတလီ နာမည်ကြီး ဘောလုံးကလပ်အတွက် ပြိုင်ပွဲဝင်အဆင့် ပွဲစဉ်တွေမှာ တပွဲမှ မကစားနိုင်ခဲ့ပါဘူး။ ယူနိုက်တက် ကစားသမားဘဝ နှောင်းပိုင်းမှာ ကတည်းက ဒဏ်ရာ ဖိစီးမှုတွေကြောင့် ကွင်းပြင်ထွက်ထိုင်နေရတာကိုပါ ထည့်ပေါင်းရင် ပေါ့ဂ်ဘာဟာ တရားဝင် ပြိုင်ပွဲတွေနဲ့ ရက်ပေါင်း ၃၀၀ ကျော်ထိ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။

 ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းမှာတော့ ဂျူဗင်းတပ်စ်က မြို့ခံပြိုင်ဘက် တိုရီနို အသင်းကို အနိုင်ရတဲ့ ပွဲစဉ် ၆၉ မိနစ် အချိန်မှာ ပေါ့ဂ်ဘာက လူစားလဲလှယ် ဝင်ရောက် ကစားခွင့် ရခဲ့ပါတယ်။ သူဝင်လာချိန်မှာ အသင်းက ၃-၂ နဲ့ အနိုင်ရနေပြီး နောက်ပိုင်းမှာ အန်ဒရီ ရာဘီယော့တ်ကပါ ဂိုးထပ်သွင်းတာကြောင့် ၄-၂ ဆိုတဲ့ အနိုင်ရလဒ်နဲ့ ပွဲသိမ်းနိုင်ခဲ့ပါတယ်။

ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဂျူဗင်းတပ်စ်နဲ့ ပြန်လည် စာချုပ်ဖြစ်ခဲ့ပြီး ၂ ပတ် အကြာမှာပဲ ညာဖက်ဒူးမှာ ဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် ခွဲစိတ်မှု ခံယူရမှာဖြစ်ကြောင်း အသင်းက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းမှာ ပေါ့ဂ်ဘာဟာ ဒဏ်ရာ သက်သာလာပြီး လေ့ကျင့်ခန်း ပြန်ဆင်းပေမယ့် နောက်တခါ ဒဏ်ရာ ထပ်ရသွားတာကြောင့် အချိန်အတော်ကြာ အနားယူခဲ့ရပြန်ပါတယ်။ တိုရီနိုနဲ့ ပွဲကျမှသာ အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ သူ့ရဲ့ ဒုတိယအကြိမ် ဂျူဗင်းတပ်စ် ပွဲထွက်ကာလကို ပိုင်ဆိုင်လာခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်းတပ်စ်ရဲ့ မန်နေဂျာ မက်စီမီလီယာနို အယ်လာဂရီက ပေါ့ဂ်ဘာကို အရန်ကစားသမားအဖြစ် ပါဝင်ခွင့် ပြုရေးကိစ္စကို ပွဲမတိုင်ခင်မှာ ကတည်းက ဆွေးနွေးထားခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိ အခြေအနေမှာ အသင်းဟာ ဘောလုံးရာသီရဲ့ လမ်းကြောင်းမှန် တခုပေါ် ပြန်တက်ဖို့ အရေးကြီးတဲ့ ကာလမျိုးကို ဖြတ်သန်းနေရတယ်ဆိုတာ ပေါ့ဂ်ဘာကို သေချာ ရှင်းပြထားပြီး ကစားသမားကလည်း နားလည်ကြောင်း၊ သူဟာ ကြံ့ခိုင်မှု တဖြည်းဖြည်း တိုးတက်လာအောင် တည်ဆောက်လာနိုင်မယ် ဆိုရင်တော့ အသင်းအတွက် အထောက်အကူတွေ ပေးနိုင်မှာဖြစ်ကြောင်း အယ်လာဂရီက မှတ်ချက် ပြုသွားခဲ့ပါတယ်။

Ref: Mirror