ဖေဖော်ဝါရီ၊ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်အထွက် စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်တစ်ခုမှာ တရားမဝင်သယ်ဆောင်လာတဲ့ လက်နက်မျိုးစုံ ၂၀ ကျော်နဲ့ ကျည်ဆံလေးထောင်နီးပါးကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
လက်နက်တွေသယ်ဆောင်လာတဲ့သတင်းအရ စစ်ကောင်စီတပ်ဖွဲ့တွေက သထုံမြို့အထွက် စစ်ဆေးရေးဂိတ်မှာ စောင့်ဖမ်းနေချိန် ဖေဖော်ဝါရီ ၂၄ ရက် နမနက်ပိုင်းမှာ ကော့ကရိတ်ဘက်ကနေ သထုံဘက်ကို မောင်းနှင်လာတဲ့ ပရာဒိုကားတစီးကို ရပ်တန့်စစ်ဆေးရာမှာ သေနတ်မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သထုံမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
“တပ်ဘက်က ဖမ်းတာပါ၊ သူတို့တွေ သတင်းရလို့ ချက်ချင်းပဲ ကျွန်တော်တို့ဆီချိတ်ပြီး ဂိတ်မှာ သွားစောင့်ဖမ်းတာ၊ သေနတ်အလက် နှစ်ဆယ် ကျော်နဲ့ ကျည်ဆံတွေ၊ ဆက်စပ်ပစ္စည်းတွေအစုံပဲ ပမာဏများတယ်၊ သူတို့က ဘားအံဘက်ကနေ လာတာပါ၊ နှစ်ယောက်ပါ” လို့သူက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ကားဟာမဟာအလိုတော်မူဘုရားကြီးဆရာတော်ဘွဲ့အမည်ကပ်ထားပြီး ကားပေါ်မှာ ဦးဝင်းဇော်က မောင်းနှင်လာကာ ဆရာတော် ဦးတေဇောဘာသက လိုက်ပါစီးနင်းလာတာဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီ ကားပေါ်ကနေMK-12 ၂ လက်၊ M-4 ကာဘိုင် ၂ လက်၊ M-16 ၂ လက်၊ ၃၈၀ ရိုင်ဖယ် ၁ လက်၊ Ak ၁ လက်၊ Glock ပစ္စတို ၁၀ လက်၊ SIG Sauer ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၃၉၈၀ တောင့်၊ ကျည်အိမ် ၄၆ ခု၊ remot control ခလုတ် ၄၉ ခုနဲ့ ဆက်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။သိမ်းဆည်းရမိတဲ့ လက်နက်တွေဟာ အထက်မြန်မာပြည်ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မှာယူထားတာဖြစ်ကြောင်းနဲ့ နောက်ထပ် မှာယူ ထားတဲ့ပစ္စည်းတွေကိုလည်း သွားပို့မယ့်အဖွဲ့တွေလာဖို့ရှိသေးတယ်လို့ ဖမ်းမိထားသူတွေကထွက်ဆိုတာကြောင့် သထုံမြို့အဝင်အထွက်ဂိတ်တွေမှာ စောင့်ဖမ်းခဲ့ရာ ဖေဖော်ဝါရီလ ၂၆ ရက်မှာ သေနတ် ၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
“ ဒီနှစ်ယောက်ကနေ ထွက်ဆိုချက်အရပဲ၊ သူတို့ကို အဖွဲ့တခုက ခိုင်းတာတဲ့၊ ဒီပစ္စည်းတွေပို့ပေးရင် ငွေကျပ် သိန်း ၃၀ ပေးမယ်၊ ပြောတယ်၊ နောက်ထပ်ပို့မယ့် သူတွေလည်းရှိသေးတယ်၊ သူတို့လည်း လာဦးမယ်ဆိုပြီး ထွက်ဆိုလို့ စောင့်ဖမ်းတာ သထုံမြို့အ ထွက် ဘင်လှိုင်ဘက်မှာ အမျိုးသားတဦးနဲ့ အမျိုး သမီးတဦးက အိမ်စီးကားနဲ့ သယ်လာတဲ့ MK -12 ၄ လက်နဲ့ ပစ္စတို ၁ လက်၊ ကျည်တောင့် တစ်ထောင်ကျော်နဲ့ ဗုံး ၄ လုံးထပ်မိတယ်” လို့ သထုံရဲစခန်းနဲ့နီးစပ်သူကပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့သူတွေရဲ့ထွက်ဆိုချက်အရ ကွင်းဆက်အနေနဲ့ နောက်ထပ်ရှာဖွေဖမ်းဆီးသွားဖို့ကိုလည်း စစ်ကောင်စီ ဘက်က ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်ကသထုံမြို့နယ်နဲ့ ရေးမြို့နယ်အထွက် စစ်ဆေးရေးဂိတ်တို့မှာ လက်နက်မျိုးစုံ၊ ယမ်းမှုန့်နဲ့ ဆက်စပ်ပစ္စည်းတွေ မကြာခဏ သိမ်းဆည်းရမိလေ့ရှိပြီး သိမ်းဆည်းရမိတဲ့ဖြစ်စဉ်တိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့ရှိပါတယ်။