ဖေဖော်ဝါရီ၊ ၂၈
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ ရုရှားတပ်တွေဟာ သူတို့ထိုးစစ်ဆင်နေတဲ့ ဘက်ခ်မတ်မြို့ကို ပတ်ပတ်လည် ဝန်းရံပိတ်ဆို့ဖို့ ကြိုးစားနေပေမယ့် သဘာဝ အတားအဆီး တခုကို ကြုံနေရပါတယ်။ အဲဒါကတော့ ရွှံ့နွံတွေပါပဲ။
ဒွန်းညက်စ် ဒေသမှာရှိတဲ့ သတ္တုတူးဖော်ရေး မြို့လေးဟာ လက်ရှိ ယူကရိန်း နိုင်ငံမှာ တိုက်ပွဲ အပြင်းထန်ဆုံး စစ်မြေပြင်လို့ သတ်မှတ်နိုင်ပြီး ဆောင်းရာသီ တလျှောက်လုံးနီးပါးလည်း စစ်မနားခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ Wagner ကြေးစား တပ်ဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့အတူ ရုရှားတွေက စစ်ရေးသာလာပြီး ဘက်ခ်မတ်နဲ့ အနီးတဝိုက် နယ်မြေတချို့ကို ထိန်းချုပ် လာနိုင်ခဲ့ပါတယ်။
အခုအခါမှာ ရုရှားတွေက ဘက်ခ်မတ်ကို ဝန်းရံပြီး ယူကရိန်း ခုခံရေး တပ်ဖွဲ့ဝင်တွေကို ရိက္ခာနဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြတ်တောက်ဖို့ အားထုတ်နေကြတာပါ။ ဒါပေမဲ့ နွေဦးကာလက စောစော ဝင်ရောက်လာသလို မိုးလည်း ရွာလာတာကြောင့် မြို့ပတ်ပတ်လည် မြေပြင်တွေမှာ ရွှံ့နွံတွေ ဖြစ်ပေါ်နေပြီး ရုရှားရဲ့ အစီအမံတွေကို အဟန့်အတား ဖြစ်စေခဲ့တာပါ။ ရွှံ့နွံ ထူထပ်လွန်းတဲ့ မြေပြင်မှာ ရုရှားရဲ့ တင့်ကားတွေနဲ့ အကြီးစား စစ်လက်နက် ယန္တရားတွေ ရွေ့လျားဖို့က အကန့်အသတ် ပေါင်းစုံ ကြုံရလေ့ ရှိပါတယ်။
ဒါပေမဲ့ ရွှံ့နွံထူထပ်လို့ ဒုက္ခရောက်နေတာ ကျူးကျော်သူ ရုရှားတွေချည်းပဲ မဟုတ်ဘဲ ယူကရိန်း တပ်တွေလည်း ခေါင်းခဲစရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အခုကျတော့ နှစ်ဖက်စလုံးက ကိုယ့်ခြေကုပ် နေရာမှာပဲ ကိုယ်နေကြပြီး ကြားထဲမှာ ရွှံ့အိုင်ကြီး ခြားသလို ဖြစ်နေတယ်လို့ အသက် ၅၉ နှစ်အရွယ် ယူကရိန်း ဝါရင့် စစ်သားကြီး ဗစ်တာ မိုင်ကိုလာက ပြောပါတယ်။ သူဟာ ဘက်ခ်မတ်က ဒုံးကျည် ပစ်လွှတ်ရေး တပ်ဖွဲ့ငယ် တခုကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ နွေဦးဆိုတဲ့ စကားလုံးကို ဘက်ခ်မတ်မှာ ရွှံ့နွံတွေလို့တောင် အဓိပ္ပါယ် ဖွင့်ဆိုလို့ ရနိုင်တယ်လို့လည်း မိုင်ကိုလာက ဆိုပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဘက်ခ်မတ် ရှေ့တန်း စစ်မြေပြင်ရဲ့ အခြေအနေဟာ ဆိုးသထက် ဆိုးရွားလာနေတယ်လို့ ပြောကြားခဲ့ပြီး အနောက်နိုင်ငံတွေဆီက စစ်လက်နက်တွေ ပိုမို ပံ့ပိုး ကူညီကြဖို့ တိုက်တွန်းထားပါတယ်။ ယူကရိန်း အစိုးရဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပိုင်ဆိုင်ရေးအတွက် တွန်းအားပေး တောင်းဆိုနေပြီး အမေရိကန်ကတော့ ယူကရိန်းကို တိုက်လေယာဉ်တွေ ပံ့ပိုးဖို့ဆိုတာက လက်ရှိ အခြေအနေမှာ မှန်ကန် သင့်တော်တဲ့ ရွေးချယ်မှု မဖြစ်နိုင်သေးဘူးလို့ မှတ်ချက်ပေး တုံ့ပြန်ထားပါတယ်။