တူရကီက ငလျင်ဘေးသင့် မြို့မှာ ငလျင်ထပ်လှုပ်ပြီး ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်

ဖေဖော်ဝါရီ၊ ၂၈

တူရကီ နိုင်ငံက ငလျင်ဒဏ် ဆိုးဆိုးရွားရွား ခံစားထားရတဲ့ နေရာတခုမှာ ငလျင်ထပ်လှုပ်တာကြောင့် ၁ ဦးသေပြီး ၇၀ နီးပါး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

 တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒေသဟာ ဖေဖော်ဝါရီ ၆ ရက်က ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီး လှုပ်ခတ်မှုအပြီး ရှင်းလင်းရေးတွေ ဆောင်ရွက်နေရဆဲ နေရာတခုပါ။ အဲဒီ ငလျင်ကြီးကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယား နိုင်ငံတွေမှာ လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

 ဖေဖော်ဝါရီ ၂၇ ရက်မှာတော့ ငလျင်ဘေးသင့် မာလတ်ယာ မြို့နားမှာ ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်တခု ထပ်လှုပ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ငလျင်ဟာ မြေအနက် ၆.၁၅ ကီလိုမီတာကို ဗဟိုပြုတဲ့ မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့် မြေမျက်နှာပြင်ပေါ်မှာ ထိခိုက် သက်ရောက်မှုက ပိုသိသာခဲ့ပါတယ်။

 အခု ငလျင်ကြောင့် မာလတ်ယာမှာ အဆောက်အအုံ ၁ ခုပြိုကျပြီး လူ ၁ ဦးထက်မနည်း သေဆုံးသလို ဒဏ်ရာရသူ ၆၉ ဦးထိ စာရင်း ရရှိထားပါတယ်။ မာလတ်ယာဟာ ဖေဖော်ဝါရီ ၆ ရက်က ကပ်ဘေးကြီးကို အဆိုးဆုံး သက်ရောက် ခံစားခဲ့ရတဲ့ နယ်မြေ တခုဖြစ်ပြီး ငလျင်ကြောင့် လူ ၂၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြို့တော်ဝန် ဆီလာဟတ်တင် ဂူအာကန်က ဆိုပါတယ်။

 အခုထပ်လှုပ်တဲ့ ငလျင်ဟာ ဖေဖော်ဝါရီ ၆ ရက် ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ငယ် (aftershock)တခု ဖြစ်နိုင်တယ်လို့လည်း ပညာရှင်တွေက ယူဆထားပါတယ်။

 ငလျင်အသစ်ကြောင့်လည်း အဆောက်အအုံတချို့ ပြိုကျ ပျက်စီးခဲ့ကြောင်း သတင်းတွေ ရခဲ့တဲ့နောက် မြို့ခံ ကယ်ဆယ်ရေး အဖွဲ့တွေ ချက်ချင်း လှုပ်ရှားခဲ့ကြပြီး လူတွေ ပိတ်မိနေနိုင်တဲ့ နေရာတွေဆီ ထွက်ခွာခဲ့ကြပါတယ်။ နောက်ထပ် နာရီပေါင်း အတော်ကြာတဲ့ထိ ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေဆဲလို့လည်း မျက်မြင်တွေက ဆိုပါတယ်။

 ဖေဖော်ဝါရီ ၆ ရက်က တူရကီမှာ ရစ်ချ်တာစကေး ၇.၈ နဲ့ ၇.၆ အဆင့် ငလျင်ကြီးနှစ်ခု နာရီပိုင်းပဲ ခြားပြီး လှုပ်ခတ်ခဲ့တာပါ။ အဲဒီ ငလျင်ဟာ ဒေသတွင်းမှာ ကြုံဖူးသမျှ အဆိုးဆုံး သဘာဝ ဘေးအန္တရာယ်တွေထဲက တခုဖြစ်ခဲ့ပြီး တူရကီနဲ့ ဆီးရီးယားတို့မှာ လူပေါင်း သန်း ၃၀ နီးပါးလောက်ကို သက်ရောက် ထိခိုက်စေခဲ့ပါတယ်။ ပြီးတော့ အဲဒီငလျင်ကြီးဟာ တူရကီနိုင်ငံ သမိုင်းမှာ အသေအပျောက် အများဆုံး ငလျင်ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန် ကြေညာထားပါတယ်။