ခင်ဦးမှာ ကျေးရွာပအဖတဦးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး သေဆုံး


ဖေဖော်ဝါရီ၊ ၂၇

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီကင်း​ပုန်းကပစ်ခတ်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရေဦးမြို့နယ်ကနေ ခင်ဦးနယ်ထဲ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းအခြေအနေကို ကင်းထောက်ပြီး ရွာခံတွေကိုအသိပေးဖို့ကြိုးပမ်းရာက ဒီကနေ့ ဖေဖော်ဝါရီ ၂၇ရက် နေ့လယ်ပိုင်းမှာပစ်ခတ်ခံရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် မကျီးအုပ်ရွာသားတဦးကပြောပါတယ်။

သေဆုံးသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးထွန်းရွှေလှိုင်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဝေအောင်တို့ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီဒေသတော်လှန်ရေးအင်အားစုဝင်နှစ်ဦးကို ပစ် ခတ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ခင်ဦးမြို့နယ်ထဲကအိမ်ခြေလေးရာဝန်းကျင်ရှိတဲ့  တဲစုရွာကို စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ နေအိမ်နှစ်ဆယ်နီးပါးပျက်စီးခဲ့သလို  ရွာကနေအိမ်တွေကို လျှပ်စစ်မီးဖြန့်ပေးနေတဲ့ ထရန်စဖော်မာကိုလည်းပစ်ခတ်သွားတာကြောင့်ပျက်စီးသွားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

မနေ့က မီးရှို့ခံရတဲ့ တဲစုရွာဟာ ခင်ဦးနယ်က ပျူစောထီးရွာတရွာဖြစ်တဲ့ ပျဥ်ထောင်ရွာအနီးမှာရှိပြီး အခုတကြိမ်အပါအဝင် သုံးကြိမ်မီးရှို့ခံရပြီး နေအိမ်ငါးဆယ်ကျော်ပျက်စီးခဲ့ပြီးပြီလို့သိရပါတယ်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးလို့ ခင်ဦးမြို့နယ်အတွင်းရွာပေါင်း ၆၆ရွာက နေအိမ် လေးထောင်ကျော်ပျက်စီးခဲ့သလို ပစ်ခတ်ခံရမှုတွေကြောင့်ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ ၂၅၀ ကျော်သေဆုံးခဲ့ပြီလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ကဖော်ပြထားပါတယ်။