စစ်တပ်က အပစ်ရပ်ကတိမတည်တာ၊ စစ်ကြောင်းထိုးနေတာတွေကြောင့် တိုက်ပွဲ‌ပြန်ဖြစ်နိုင်တယ်လို့ AA ပြော

ဖေဖော်ဝါရီ၊ ၂၇

အလွှတ်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲထားကြတဲ့ ရခိုင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က လူနေ ရွာ တွေဆီ စစ်ကြောင်းထိုးတာ၊ ရိက္ခာ၊ လက်နက်ဖြည့်တင်းတာတွေ ရှိနေသလို အပစ်ရပ်ချိန်က သဘောတူထား ခဲ့ ကြတဲ့ ကတိတွေကိုလည်း အကောင်အထည်ဖော်တာမျိုး မရှိဘူးလို့ ရခိုင့်တပ်တော်(AA)ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

 “မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်၊ အပြုအမှုတွေကို ဆက်လို့ ဆိုးဆိုးရွားရွား လုပ်ဆောင်လာရင် တိုက်ပွဲလမ်း ကြောင်းကို အချိန်မရွေး ပြန်ရောက်သွားနိုင်ပါတယ်”လို့ သူကပြောပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော်(ULA/AA)ရဲ့ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ဖေဖော်ဝါရီ  ၂၇ရက်မှာ အွန်လိုင်းကနေပြုလုပ်ရာမှာ ခိုင်သုခက အဲဒီလို ပြောဆိုတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်း တရွာဝင်တရွာထွက် သွားလာပြီး ULA/AA နဲ့ မပက်သက်ဖို့၊ အ ဆက်အသွယ်မလုပ်ဖို့၊ ထောက်ပံ့တာတွေ မလုပ်ဖို့ ပြောဆိုခြိမ်းခြောက်မှုတွေ ရှိနေပြီး တဖက်မှာလည်း အပစ်ရပ် ထားချိန် လက်နက်၊ ရိက္ခာအင်အား ဖြည့်တင်းတာတွေ နေ့စဉ်လုပ်နေတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

 ဒါ့အပြင် အပစ်အခတ်ရပ်စဲတုန်းက ကတိကဝတ်ထားခဲ့ကြတဲ့ ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေ အပေါ် ကန့်သတ်ထားတာအားလုံး ဖွင့်ပေးရေး၊ ဖမ်းဆီးထားတဲ့ ပြည်သူအားလုံး လွှတ်ပေးရေး ဆိုတဲ့ကိစ္စ ရပ်တွေကိုလည်း အပစ်ရပ်ထားတာ သုံးလပြည့်သည့်တိုင် အပြည့်အ၀အကောင်အထည်ဖော်တာ မရှိဘူးလို့ ဆိုပါတယ်။

 “စစ်ကောင်စီဘက်က မတရားဖမ်းဆီးထားတဲ့ ကျွန်တော်တို့ အာရက္ခပြည်သူ၊ ပြည်သူတွေကိုလွှတ်ပေး ရမယ် ဆိုတဲ့ ကတိကဝတ်ရှိပါတယ်၊သို့သော်လည်းပဲ အခုအချိန်အထိ သူတို့ဘက်က လွှတ်မပေးသေးဘူး”လို့ ဦးခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ အပြစ်မဲ့အရပ်သားပြည်သူ ၅၉၄ ဦးရှိခဲ့ပြီး အဲဒီအထဲက ၃၉၁ ဦး သာ ပြန်လွှတ်သေးကာ ကျန် ၂၀၃ ဦးမှာ စစ်ကောင်စီလက်အောက် အချုပ်ခန်းနဲ့ အကျဉ်းထောင်တွေမှာ ရှိနေဆဲ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

လက်ရှိအပစ်ရပ်ကာလအတွင်း ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ စစ်သုံ့ပန်းလဲလှယ်တာတွေရှိခဲ့ပေမယ့် တိုက်ပွဲ ကာလမှာ AA နဲ့ဆက်စပ်တယ်လို့ဆိုကာစစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ရခိုင်ဒေသခံ အများအပြား ဆက်လက်ချုပ်နှောင်ခံနေကြရဆဲဖြစ်ပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုအနေနဲ့လည်း စစ်ကောင်စီက ပိတ်ထားခဲ့တဲ့ ကုန်းလမ်း၊ ရေလမ်း ၁၀ ခု ထဲက ၉ ခုကိုပဲ ပြန်ဖွင့်ပေးသေးကာ ဆေးဝါး၊ ရိက္ခာ၊ ကုန်စည်သယ်ယူခွင့်တွေကိုလည်း ပိတ်ပင်၊ ကန့်သတ်ထားဆဲ ဖြစ်ကြောင်း AA နဲ့ ဒေသခံတွေက ပြောကြပါတယ်။

အဲဒီလို ကတိကဝတ်တွေ အကောင်အထည်မဖော်တာကြောင့် AA အနေနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ် တွေကို ဆက်ပြီးတော့ ဆွေးနွေးဖို့ မဖြစ်နိုင်သေးဘူးလို့လည်း AA ပြောခွင့်ရခိုင်သုခက သတင်းထောက်တွေကို ပြောပါ တယ်။

 “အဲဒီနှစ်ချက်ကို စစ်ကောင်စီဘက်က အပြည့်အ၀အကောင်အထည်ဖော်ပေးတယ်ဆိုရင်တော့ တခြားကိစ္စတွေ ကို ကျွန်တော်တို့ လိုအပ်သလို ပြောင်းလဲလာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ ဆက်လုပ်သွားဖို့ရှိပါတယ်၊ ဒါ တွေ ကို ဆောင်ရွက်မပေးဘူးဆိုရင်တော့ ရှေ့ကို တက်ဖို့အတွက် အခက်အခဲရှိတယ်ဆိုတဲ့အကြောင်း ဖြေကြား လိုပါ တယ်”လို့ သူကဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ AA ကို အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးဖို့ ပြောဆိုကမ်းလှမ်းထားကြောင်း သတင်းထွက်နေတာတွေရှိပေမယ့် AA ပြောခွင့်ရ ခိုင်သုခကတော့ တရားဝင် ကမ်းလှမ်းလာတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ AA တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အလွှတ်သဘော အပစ်အခတ်တွေ ရပ်စဲခဲ့ကြတာဖြစ်ပါ တယ်။

အဲဒီလို အပစ်ရပ်ထားချိန်အတွင်း ယခုဖေဖော်ဝါရီလမှာပဲ မစ္စတာ ဆာဆာကာဝါကိုယ်တိုင် ရခိုင်ပြည်နယ်လို့ ရောက်လာပြီး ULA/ AA ရဲ့ နိုင်ငံရေးမှူးနဲ့ တွေ့ဆုံကာ အပစ်အခတ်ရပ်ထားတာကို ဆက်ထိန်းထားဖို့ ပြောဆိုခဲ့ပါ တယ်။

စစ်တပ်အာဏာမသိမ်းခင်ကတည်းက အပစ်အခတ်တွေ ရပ်နေခဲ့ကြတဲ့ AA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကနေစလို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်း အများအပြား သိမ်းဆည်းခံခဲ့ရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။