စမ်းချောင်းက တိုက်ခန်းတခန်းမှာ ဓားထိုးမှုဖြစ်ပြီး အမျိုးသားတဦးသေဆုံး

ဖေဖော်ဝါရီ၊ ၂၇

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းက လူနေတိုက်ခန်းတခုမှာ ဓားထိုးမှုဖြစ်လို့ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးတဦး ဓားဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။

 “ကျွန်မတို့ 777 ဘီယာဆိုင်အရှေ့တည့်တည့်က တိုက်မှာဖြစ်တာ ကောင်လေးကတော့ ဒဏ်တွေကြောင့် သေနေပြီ၊ ကောင်မလေးကတော့ ဒဏ်ရာတွေနဲ့အသက်တော့ မသေသေးဘူး၊ စမ်းချောင်းမြို့နယ်အရံမီးသတ်က ရဲသူရိန်အရေးပေါ်လူနာတင်ယာဥ်နဲ့ လာသယ်သွားတာ၊ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်”လို့ အခင်းဖြစ် တိုက်ခန်းအနီးနေ ထိုင်သူတဦးကပြောပါတယ်။

သေဆုံးသူဟာ ဓာတ်ပုံဆရာတဦးဖြစ်ပြီး ဓားဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးကတော့  မော်ဒယ်အလုပ်လုပ်ကိုင်သူတဦး ဖြစ်တယ်လို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေဆီက သိရပါတယ်။

စမ်းချောင်းလမ်းထဲကို စမ်းချောင်းမြို့နယ်ရဲစခန်းက ရဲတချို့ ဖေဖော်ဝါရီ ၂၆ရက်မနေ့က ညပိုင်းမှာ မီးတန်းကားနဲ့ ရောက်လာပြီး အခင်းဖြစ်လူနေတိုက်ခန်းတံခါးကိုဖွင့်ရာမှာ အတွင်းကနေ တံခါးပိတ်ထားတာကြောင့် ရဲသူရိန် လူမှုကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ကာ တံခါးရိုက်ဖျက်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ရဲကိုအကြောင်းကြားလိုက်တာနေမယ်၊ ပထမက ရဲတွေကားတွေနဲ့ရောက်လာပြီး တံခါးတွေကိုလည်း ရိုက်ဖျက်နေတော့ လူငယ်တွေကို လာဖမ်းတာလို့ထင်နေတာ၊ ပြီးမှ အခုလိုဓားထိုးမှုဖြစ်တာကို သိရတာ”လို့ ဒေသခံတဦးကလည်းပြောပါတယ်။

အခင်းဖြစ်လူနေတိုက်ခန်းဟာ ဓာတ်ပုံဆရာတဦးနေထိုင်တဲ့အခန်းဖြစ်ပြီး သေဆုံးသူဓာတ်ပုံဆရာအမျိုးသားဟာ ရင်ညွန့်၊ လည်ပင်းနဲ့ ဗိုက်တွေမှာဓားဒဏ်ရာတွေ​ရရှိထားပြီး အမျိုသမီးကတော့ ဓားဒဏ်ရာ နှစ်ချက်ရရှိထားတာကြောင့် ရန်ကုန်ဆေးရုံကြီးကို တင်ပို့ဆေးကုသထားတယ်လို့ သိရပါတယ်။

အခင်းဖြစ်လူနေတိုက်ခန်းအတွင်းမှာ သေဆုံးခဲ့တဲ့အမျိုးသားနဲ့ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးတို့ တဦးနဲ့တဦး အချင်းများ ရန်ဖြစ်ရာကနေ အခုလိုဖြစ်ပွားတာဖြစ်နိုင်တယ်လို့ အနီးဝန်းကျင်မှာနေထိုင်သူက ခန့်မှန်းပြော ဆိုကြပေ မယ့်ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။


Photo – ရဲသူရိန်လူမှုကယ်ဆယ်ရေးအဖွဲ့