ချင်းပြည်နယ်မှာ နှစ်လအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဆယ်ဦးနဲ့ ပြည်သူခြောက်ဦးသေဆုံး

ဖေဖော်ဝါရီ၊ ၂၇

လက်ရှိ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစ တိုက်ပွဲတွေပြန်လည် ပြင်းထန်နေတဲ့ ချင်းပြည်နယ်မှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါ ရီ နှစ်လတာအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဆယ်ကျဆုံးခဲ့သလို စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ခြောက်ဦးလည်းသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရသိရပါတယ်။

နှစ်လတာတိုက်ပွဲတွေအတွင်း ချင်းပြည်နယ်ဒေသအသီးသီးက CNF တပ်ဖွဲ့ဝင် ဆယ်ဦးနဲ့ CDF တပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့ပြီး CNDF ရဲဘော်တဦးကတော့ ကလေးမြို့ကိုရောက်နေချိန် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့ တာဖြစ် တယ်လို့သိရပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက ချင်းအမျိုးသားတပ်ဦး(CNF)ဌာနချုပ်ကို ဗုံးကျဲတိုက်ခိုက်တာ ကြောင့် အဲ့ဒီတပ်ဖွဲ့ဝင်ငါးဦးကျဆုံးခဲ့ရတဲ့ဖြစ်စဥ်ဟာ နှစ်လအတွင်းချင်းဒေသတိုက်ပွဲတွေအတွင်း ကာကွယ်ရေး တွေဘက် က တကြိမ်တည်းအများဆုံးကျဆုံးတဲ့ ဖြစ်စဉ်ဖြစ်တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။

 နှစ်လတာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မူကြောင့် မင်းတပ်မြို့နယ်က ပြည်သူသုံးဦးသေဆုံးခဲ့ပြီး နောက်ထပ် အသက် (၁၇) နှစ်အရွယ်မိန်းကလေးတဦးကိုတော့ စစ်ကောင်စီကပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဒေသ တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်တာကြောင့် မင်းတပ်မြို့နယ်က ပြည်သူငါးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့သိရပါတယ်။မတူပီမြို့နယ်က ပြည်သူနှစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေထိခိုက်သေဆုံးမှုရှိသသလို နှစ်လတာကာလအတွင်း မြေပြင်တိုက်ပွဲ တွေမှာ စစ်ကောင်စီဘက်ကလည်း အထိနာခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ဆိုထားပါတယ်။

 နှစ်လတာတိုက်မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ခုနစ်ဆယ်ဝန်းကျင်သေဆုံးတယ်လို့ ချင်းကာကွယ် ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်။အခုလအတွင်း ထန်တလန်မြို့ရဲစခန်းတိုက်ခိုက် သိမ်းပိုက် ခံရတာဟာ နှစ်လတာ ချင်းဒေသစစ်မြေပြင်မှာ စစ်ကောင်စီဘက်ကအထိနာတဲ့ ထင်ရှားတဲ့ဖြစ်စဉ်တခု ဖြစ်ပါ တယ်။

 အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ သိမ်းဆည်းရရှိတဲ့ လက်နက်တွေအပါအဝင် နှစ်လအတွင်း တိုက်ပွဲတွေကနေ လက် နက်ငါးဆယ်ကျော်နဲ့ ခဲယမ်းတွေ ရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်။

မြေပြင်တိုက်ပွဲတွေမှာအထိနာနေတဲ့ စစ်ကောင်စီဟာ လေကြောင်းကနေ ချင်းပြည်နယ်တောင်ပိုင်းကို အပြင်း အထန်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေကထုတ်ပြန်ပါတယ်။ နှစ်လတာအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူ အကြိမ်ကိုးဆယ်ကျော်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မူကြောင့်စစ်ဘေးရှောင်တွေနားခိုတဲ့ဘုန်းကြီးကျောင်းအပြင်နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

 စစ်ကောင်စီကချင်းပြည်နယ်တောင်ပိုင်းကိုလေကြောင်းကနေအပြင်းအထန်တိုက်ခိုက်မူတွေပြုလုပ်နေတဲ့အပြင် ဖုန်းလိုင်းဆက်သွယ်ရေးတွေလည်းဖြတ်တောက်ထားတာလချီကြာမြင့်ပြီဖြစ်ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်ခံနေရတဲ့ ထန်တလန်မြို့နယ်ပြည်သူတွေဟာ တောတောင်ထဲဘေး လွတ် ရာမှာ တိမ်းရှောင်နေကြရပြီး မတူပီမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ထိန်းချုပ်မူကြောင့် ဆန်တအိတ်ကျပ် သိန်း ဂဏန်းအထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ချင်းပြည်နယ်မှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတဲ့ကာလ နှစ်လအတွင်း ဒေသအခြေစိုက် စစ်ကောင်စီလက် အောက်ခံ စစ်သားနဲ့ရဲ စုစုပေါင်း ငါးဦး CDM ဝင်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံဟားခါးအခြေစိုက် (၂၆၆) က စစ်သားသုံးဦး၊ ထန်တလန်တပ်ရင်း (၂၆၉) က စစ်သား နှစ်ဦး၊ ဟားခါးမြို့ရဲစခန်းက ရဲတပ်ကြပ်တဦးတို့ဟာ CDF – Hakhaနဲ့ CDF – Senthang အဖွဲ့တွေဆီ  လက်နက်နဲ့ အတူ CDM ဝင်ခဲ့သလို ကန်ပက်လက် ခ.မ.ရ (၃၀၄) က စစ်သားတဦးဟာလည်း လက်နက်နဲ့အတူ CDF – Kanpetletဆီ CDM ဝင်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

Photo – CDF Mara