ဖေဖော်ဝါရီ၊ ၂၇
ရလဒ်တွေ ဆိုးရွားနေခြင်းကြောင့် သူ့အလုပ်အပေါ် ဖိအားတွေ တရိပ်ရိပ် တိုးလာတဲ့အပေါ် လက်တွေ့ကျကျ သဘောပေါက် နားလည်ကြောင်း ချဲလ်ဆီး အသင်း မန်နေဂျာ ဂရေဟမ် ပေါ်တာက ဝန်ခံခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းမှာ ပေါ်တာ ဦးဆောင်နေတဲ့ ချဲလ်ဆီးဟာ လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲ ရလဒ်ကြောင့် ချဲလ်ဆီးဟာ နောက်ဆုံး ၁၅ ပွဲမှာ ၂ ပွဲသာ နိုင်တဲ့ထိ အခြေအနေ ဆိုးရွားလာခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ ထောင်သောင်းချီတဲ့ ချဲလ်ဆီး ပရိသတ်တွေကလည်း ပေါ်တာကို ထုတ်ပြန်ပေးဖို့ အသင်းရဲ့ အမေရိကန်သား ပိုင်ရှင်တွေဆီ စာရေးသားပေးပို့ တောင်းဆိုလာကြပါတယ်။
ပေါ်တာက ရလဒ်တွေ မကောင်းတဲ့အခါ မေးခွန်းထုတ် ဝေဖန်မှုတွေ သေချာပေါက် ထွက်ပေါ်လာမှာပဲ ဖြစ်ကြောင်း၊ ဒါကို တားဆီးလို့ မရကြောင်း၊ အလုပ်ရဲ့ သဘောသဘာဝကိုက ရလဒ်တွေ အားနည်းနေတဲ့အချိန် အခုလို မေးခွန်းထုတ်မှုတွေကို လက်ခံရမှာကို နားလည်ကြောင်း ပြောပါတယ်။
တော့တင်ဟမ်နဲ့ ပွဲမတိုင်ခင်မှာ သူဟာ Arsenal All or Nothing မှတ်တမ်း ဗီဒီယို ကြည့်ခဲ့တဲ့အကြောင်း ပြောဖြစ်သေးကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ်က အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာကို ထုတ်ပယ်ဖို့ ပရိသတ်တွေက လိုလားခဲ့ဖူးကြောင်း (လက်ရှိမှာတော့ အာတီတာ ဦးဆောင်တဲ့ အာဆင်နယ် အသင်းဟာ အမှတ်ပေးဇယား ထိပ်ဆုံးကနေ ခြေစွမ်းပြ ဦးဆောင်နေပါတယ်)၊ လက်ရှိအချိန်မှာလည်း (လီဗာပူးလ်အတွက် အောင်မြင်မှု ရယူပေးထားခဲ့တဲ့ မန်နေဂျာ) ယာဂင်ကလော့ပ်ရဲ့ အခြေအနေကို ကြည့်ရင် ရလဒ်တွေ ကျဆင်းရုံနဲ့ပဲ လူတွေက သူ့ကို ဖယ်ထုတ်ချင်လာကြကြောင်း၊ ဒါတွေက ဘောလုံးရဲ့ ရိုးရှင်းတဲ့ သဘောသဘာဝ တခုဖြစ်ပြီး သူ့အနေနဲ့ လူတွေ မျှော်လင့် ယုံကြည်သလောက် အသင်းအတွက် ကောင်းကောင်း မလုပ်ပြနိုင်သေးသ၍ ဒီလို အခြေအနေကို လက်ခံရမှာဖြစ်ကြောင်း ပေါ်တာက ဆိုပါတယ်။
သူ့အလုပ်မှာ အရာရာကို အရမ်း စိုးရိမ်နေလို့ မရကြောင်း၊ သူဟာ စိတ်ကို စုစည်းထားပြီး အသင်းကို ကူညီဖို့၊ ကစားသမားတွေကို ပံ့ပိုးဖို့ပဲ အလေးထားရမှာဖြစ်ကြောင်း၊ သူ့ကစားသမားတွေက စိတ်ဓာတ် ကောင်းမွန်ပြီး အသင်းရဲ့ အနေအထားကို မြှင့်တင်ဖို့၊ နိုင်ပွဲတွေရဖို့ တကယ်ပဲ စိတ်အား ထက်သန်နေကြကြောင်း၊ ဒါပေမဲ့ အခုအချိန်မှာတော့ တသင်းလုံး ထိခိုက်နာကျင်စရာတွေ ကြုံနေပြီး ဒီအတွက်လည်း သူက အဓိက တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပေါ်တာက ဆက်ပြောသွားပါတယ်။
တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့နောက် ချဲလ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရရှိစေမယ့် အဆင့် ၄ နေရာနဲ့ ၁၄ မှတ်ထိ ကွာဟသွားပြီး အဆင့် ၁၀ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
Ref: Daily Mail