သရက်ချောင်းမြို့နယ်က စစ်ကောင်စီဆေးတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်လာ

ဖေဖော်ဝါရီ၊ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဆေးတပ်သားတဦးကလက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေဆီကို  CDM ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းမှာ တာဝန်ထမ်းဆောင်နေချိန် တော်လှန်ရေးအင်အားစုအဖွဲ့တွေဆီ ဆက်သွယ်ပြီး CDM ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သရက်ချောင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

“ ဝင်းဝရဲစခန်းကဆေးတပ်သားပါ။ ဒီလအစောပိုင်းကာလတွေမှာ ကျွန်တော်တို့ဆီကို ဆက်သွယ်လာတာပါ။ ဒီတောအတွင်းမှာ (၁၃)ရက်နေ့က ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီး သူ့ကို လွတ်မြောက်နယ်မြေရောက်နေပါပြီး၊ အခြေအနေအကြောင်းကြောင့် ကျွန်တော်တို့ ဘယ်သူ့ကို မပြောဘဲ အခုမှ ပြောတာပါ။ သူက အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်အောက်မှာ ရှိတဲ့ ခမရ(၄၀၃)တပ်ရင်းကပါ။ လက်နက်တွေနဲ့အတူ CDM လုပ်လာတာပါ”  လို့ သရက်ချောင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

အဲဒီ ဆေးတပ်သားဟာ  ကျည်ဆံ ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၁ လုံး၊ ရိုက်ဖယ်ပစ်ဗုံး(အီနာဂါ) ၁ လုံးနဲ့အတူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး သူ့အတွက် ခံစားခွင့်တစ်ခုခုရရှိဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လည်းဆက်ပြောပါတယ်။

ဒါအပြင် CDM ပြုလုပ်လာတဲ့ ဆေးတပ်သားနဲ့ပတ်သက်တဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့်အခြေအနေတွေကိုတော့ ကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“အခု သူနဲ့ပတ်သက်ပြီးတော့ ဘာမှတော့ ပြောဖို့ အဆင်မပြေသေးဘူး၊ ကာယကံရှင်ကိုယ်တိုင်က ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး တိုက်မှာလား၊ ဒါမဟုတ် သူက ပြည်ပထွက်မှာလား၊ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းမလားဆိုတာ သူစဉ်းစားနေတုန်းလို့ ပြောတယ်” လို့  ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာတော့ စစ်ကောင်စီဘက်ကနေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကိုပူးပေါင်း CDM ပြုလုပ်လာသူ ၁၀ဦးထက်မနည်းရှိနေတာကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် သတင်းထုတ်ပြန်ခြင်းမပြုလုပ်ဘဲ CDM ပြုလုပ်ပူးပေါင်းတဲ့အရေအတွက်လည်းရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူကဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သားတသောင်းကျော်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း နိုင်ငံတဝှမ်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက် အထိနာနေတာကြောင့် ရေရှည်မှာ CDM ပြုလုပ်လာသူတွေ ပိုမိုများပြားလာနိုင်တယ်လို့ CDM တပ်မတော်သား တချို့ရဲ့သုံးသပ်ချက်တွေရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ CDM ပြုလုပ်လာတဲ့ ရဲနဲ့ စစ်သားတွေရဲ့ နေထိုင်စားသောက်ရေးအတွက် စီစဉ်ပေးမှာဖြစ်သလို လက်နက်ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေပါယူဆောင်လာမယ်ဆိုရင် ငွေကြေးတွေကိုပါ ထိုက်သင့်တဲ့ငွေပမာဏတစ်ခုအထိဆုချီးမြှင့်နေတာတွေကိုလည်းကာကွယ်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

Photo – CJ