မြန်မာ့အရေး ၊ တရုတ် – အမေရိကန် ရှုမြင်ချက် မှန်၏ ၊ မမှန်၏ (ဆောင်းပါးကဏ္ဍ)

ဖေဖော်ဝါရီ၊ ၂၆

တရုတ်ရဲ့ အနေအထားက — သူနဲ့ ကောင်းကောင်း အလုပ်လုပ်လို့ရမယ့် သူမျိုးကို အစိုးရအဖြစ် အုပ်အုပ်စီးစီး ရှိချင်တာပါ။ မြန်မာပြည်ကို သူ့ရဲ့ ရင်ခွင်ပိုက်နိုင်ငံအဖြစ် အမြဲ တည်ရှိနေစေဖို့ တရုတ်လက်ဝေခံအုပ်စုတွေနဲ့ အမြဲတမ်း ပါဝါကို မျှခြေမှာ ချိန်ထားမယ့်သဘော။ ပြည်တွင်းက ပါဝါအုပ်စုတွေမှာတော့ — ဒါကို balance of power လို့ မြင်လိမ့်မယ်။ တရုတ်ဘက်ကတော့ ပါဝါအုပ်စုတွေကို သူ ချိန်ဆကိုင်တွယ်လို့ရမယ့် equilibrium အခြေအနေမှာ အမြဲ ထိန်းထားမယ်။ 

တရုတ်က လက်ရှိအနေအထားကိုတော့ မနှစ်မြို့ဘူး။ လက်ရှိအနေအထားက ဘယ်သူနဲ့မှ ပိုင်ပိုင်နိုင်နိုင် စကားပြောလို့ မရဘူး။ ဘယ်ပါဝါအုပ်စုကမှ မြန်မာပြည်ကို အုပ်အုပ်စီးစီး ပိုးထားနိုင်တာ မဟုတ်လို့၊ တရုတ်အတွက်လည်း ဘယ်သူနဲ့ ရေရှည်လက်တွဲလုပ်လို့ရမလဲဆိုတာ ဆုံးဖြတ်ရခက်နေတယ်။ မြန်မာစစ်တပ်နဲ့လည်း ဒီအခြေအနေအတိုင်းဆို အစဉ်အမြဲ လက်တွဲလုပ်ဖို့ ခက်နေတယ်။ ဘာလို့လဲဆိုတော့ ပြည်တွင်းမှာ မြန်မာစစ်တပ်ရဲ့ ပါဝါအကျကို တရုတ်က ကောင်းကောင်း နားလည်တယ်။ ဒါ့ကြောင့် ယခင်လို အဆင့်အတန်းမျိုးနဲ့ မဆက်ဆံတော့ပဲ၊ EAOs အုပ်စုကြီးတစ်ခုအနေနဲ့ပဲ ထည့်သွင်းစဉ်းစားတဲ့ အဆင့်အတန်းကို လျော့ချပြီး ဆက်ဆံထားတယ်။ 

လောလောဆယ်အားဖြင့် တရုတ်က NUG ကို သိပ် မယုံသေးဘူး။ စောင့်ကြည့်နေသေးတဲ့အနေအထားမှာ ရှိသေးတယ်။ NUG ကတော့ လက်နက်ကိုင်တိုက်ပွဲကို အောင်ပွဲရလဒ် ထွက်ချင်တယ်။ အဲသည့်အတွက် တရုတ် အကူအညီကို မျက်စပစ်တယ်။ ဒါပေမယ့် NUG ကို တရုတ်က အတည်မကျန်ဘူး။ NUG က တရုတ်ကို အတည်ကြံစေချင်တာ။ ဒါပေမယ့် ဒါက အခြေအနေအတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ရအုံးမယ်လို့ တရုတ်က တွက်တယ်။ အထူးသဖြင့် အနောက်ကို သိပ်ယိမ်းတယ်လို့ ယူဆရတဲ့ NUG ကို တရုတ်က ယုံမှတ်လို့ ပုံအပ်တာမျိုး မလုပ်ချင်ဘူး။ 

သူကိုယ်တိုင်ကလည်း လက်တွေ့ကျကျ စဉ်းစားတာပါတယ်။ တကယ်တမ်း တရုတ် ယုံတာက နယ်စပ်မျဉ်းပေါ်မှာ ထိုင်ထားတဲ့ သူ့ရဲ့ လက်ဝေခံ လက်နက်ကိုင်တပ်တွေ။ တရုတ်နဲ့ သိပ်နီးကပ်လွန်းတဲ့ လူမျိုးစုလက်နက်ကိုင်တပ်တွေဟာ တရုတ်ကို မှီခိုသလို တရုတ်ရဲ့ backing ကိုလည်း အလိုရှိတယ်။ အကြောင်းကတော့ သူတို့ရဲ့ လူမျိုးစုတော်လှန်ရေးနဲ့ လူမျိုးစုလွတ်မြောက်ရေးလှုပ်ရှားမှုအတွက် တရုတ်ရဲ့ အပံ့အပိုး အထောက်အပံ့လိုတယ်။ ပြည်ပနိုင်ငံကြီးတွေထဲမှာ သူတို့အကျိုးစီးပွားနဲ့ သူတို့တော်လှန်ရေး လျှောက်လမ်းကို ကာပေးထားနိုင်တာ – အမေရိကန်လည်း မဟုတ်ဘူး၊ အိန္ဒိယလည်း မဟုတ်ဘူး၊ ရုရှားလည်း မဟုတ်ဘူး၊ တရုတ်သာ ဖြစ်တယ်။ 

တရုတ်က မြန်မာနိုင်ငံကို ဒီမိုကရေစီ မဖြစ်စေချင်ပါဘူး။ အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီကလည်း တရုတ်ကို ကောင်းကောင်း စည်းရုံးနိုင်မယ့် နိုင်ငံရေးအခြေခံစံ မဟုတ်ဘူး။ တရုတ်ဖြစ်စေလိုတာက — ဖက်ဒရယ်ဆိုရင်တောင် ပြည်နယ်တွေက သူ့အစိုးရ၊ သူ့တပ်နဲ့ သူ့လူထု ခြယ်လှယ်စိုးမိုးထားနိုင်တဲ့ လျော့ရွဲတဲ့ ကွန်ဖက်ဒရေးရှင်းဆန်ဆန်လောက်အထိ လိုချင်တာ ဖြစ်တယ်။ ဒါတောင် ဗဟိုက အုပ်အုပ်စီးစီး မကိုင်နိုင်လို့ နယ်မြေအလိုက် မတည်ငြိမ်တာကိုလည်း မလိုချင်ပြန်ဘူး။ အကြောင်းကတော့ — အဲသည်လို ဖြစ်ရင် တစ်နိုင်ငံလုံးအတိုင်းအတာအထိ တရုတ်က အလုပ်လုပ်လို့ မရလို့ ဖြစ်တယ်။ ဗဟိုက အုပ်အုပ်စီးစီး ရှိမယ့်သူ ပေါ်လာရင်တောင် သူ့ဩဇာခံပဲ ဖြစ်လိုတယ်။

 NUG က ဗဟိုအစိုးရအနေနဲ့ အုပ်အုပ်စီးစီးဖြစ်ရင် သူ့ဩဇာက အပြည့်အဝ သက်ရောက်မယ်လို့ တရုတ်က မယုံဘူး။ ဒါ့ကြောင့် NUG ကိုလည်း လောလောဆယ်အားဖြင့် ပါဝါအုပ်စုတွေထဲက အဓိက ပါဝါအုပ်စု တစ်ခုအနေနဲ့ပဲ တွက်ထားတယ်။ နိုင်ငံရဲ့ ထိပ်ပိုင်းအစိုးရတာဝန်ကို ယူမယ့် potential leadership အုပ်စုအဖြစ် လောလောဆယ် မမြင်သေးဘူး။ 

တရုတ်အနေနဲ့ လောလောဆယ် မြန်မာပြည်မှာ လက်နက်ကိုင်လမ်းစဉ် ဖြစ်ထွန်းတာက သူ့ဘက်က ပါဝါ ကစားနိုင်မှု သာသာထိုးထိုးရတယ်လို့ တွက်တယ်။ လက်တွေ့မှာလည်း ပြည်တွင်းက လက်နက်ကိုင်အုပ်စုသစ်တွေက တရုတ်ကို မျက်စ ပစ်တယ်။ လက်တွေ့မှာ လက်နက်ရနိုင်တာက အနောက်နိုင်ငံဆီက မဟုတ်ဘူး။ တရုတ်ဆီကသာ မျှော်လင့်လို့ရတယ်ဆိုတာ လက်တွေ့ အတွေ့အကြုံက သင်ပေးလိုက်တယ်။ မြန်မာပြည်တွင်းမှာ အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်အုပ်စုသစ်တွေမှာ — လက်ဝဲယိမ်းတွေ များတယ်။ ဒါကို တရုတ်က သဘောကျပါတယ်။ အလားအလာရှိတဲ့ လက်နက်ကိုင်အုပ်စုသစ်တွေကို မွေးဖို့လည်း လျာထား စဉ်းစားတာ ရှိတယ်။ မြန်မာ့ရေခံမြေခံမှာကိုက လက်ဝဲကို တိမ်းညွှတ်ချက် ရှိပြီးသားဆိုတာ တရုတ်က နားလည်ပါတယ်။ ဒါဟာ တရုတ်အတွက် အားသာချက်ပါပဲ။ 

တရုတ်က မြန်မာပြည်တွင်းက လက်နက်ကိုင်အုပ်စုတွေကို စစ်ရေးအကူအညီအားဖြင့်လည်း မက်လုံး ပေးထားနိုင်ဖို့ ကြိုးစားတယ်။ အိုင်ဒီယော်လိုဂျီအရလည်း ဆွဲစုနိုင်ဖို့ ကြိုးစားရတယ်။ မြန်မာပြည် နိုင်ငံရေးကွင်းပြင်မှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လေလှိုင်းသံတွေ ညံနေပေမယ့် — ဒီမိုကရေစီ မကျင့်သုံးတဲ့ တရုတ်က အတည်ကြံရင် ယိမ်းပစ်လိုက်ချင်တဲ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုတွေ အများအပြား ရှိနေပါတယ်။ ဒါကို တရုတ်က လက်တွေ့ကျကျ အသုံးချနိုင်ဖို့ ကြိုးစားနေပါတယ်။ တရုတ်က ထိတွေ့ဖို့ ကြိုးစားနေတဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မြေပုံကြမ်း ချကြည့်ရင် အထင်ရှားဆုံး တွေ့နိုင်ပါတယ်။ 

တရုတ်က သူခိုင်းလို့ရမယ့် လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေကို ကြားခံထားပြီး ပြည်မက အုပ်စုသစ်တွေကို ထိန်းအုပ်နိုင်ဖို့ ကြိုးစားနေတယ်။ ဒါကို အမေရိကန်က နားလည်တယ်။ ဒါပေမယ့် တရုတ်ရဲ့ ရေချိန်ကို တန့်အောင် လုပ်ဖို့ ပါဝါအပျော့ (soft-power) ကိုပဲ အားပြု သုံးနေတယ်။ ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးမှာ အမေရိကန်ရဲ့ ဩဇာလွှမ်းနိုင်မှုက — မီဒီယာနဲ့ အရပ်ဘက်အဖွဲ့အစည်းအုပ်စု အလွှာမှာသာ တွေ့နိုင်တယ်။ တကယ် လက်တွေ့နိုင်ငံရေးမှာက — တရုတ်ဘက် ယိမ်းချင်ချင်တွေ များနေတယ်။ အထူးသဖြင့် လက်နက်ကိုင်အုပ်စုမှာ –  တရုတ်နေရာကို အမေရိကန်က အစားထိုးယူနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ 

အမေရိကန်ရဲ့ မြန်မာ့အရေးအပေါ်မှာ ထားတဲ့ ပေါ်လစီက ခပ်ရမ်းရမ်း မဟုတ်ရင် — မြန်မာဟာ တရုတ်ရင်ခွင်ထဲကို တဖြည်းဖြည်း ပါသွားမှာပါ။ အခုဟာက တရုတ်ရင်ခွင်ထဲကို ခပ်မြန်မြန် ပါသွားမယ့် အနေအထားမှာ ရှိတယ်။ အကြောင်းကတော့ — လက်နက်ကိုင်လမ်းစဉ် ထိပ်တက်နေလို့ ဖြစ်တယ်။ ပြည်တွင်းက အုပ်စုတွေကလည်း စစ်ရေးအကူအညီကသာလျှင် လက်တွေ့ လိုအပ်ချက်ဖြစ်နေတာမို့၊ တရုတ်ဘက် ယိမ်းချင်နေတာ အပြစ် မဟုတ်ဘူး၊ အဆန်းမဟုတ်ဘူး။ ဒါဟာ သဘာဝပဲ။ 

 

လက်နက်ကိုင်တော်လှန်ရေးအောင်ပွဲ တဖြည်းဖြည်း ခရီးရောက်လာတာနဲ့အမျှ၊ တရုတ်ရဲ့ စီရင်မှု ဘောင်ထဲကို မြန်မာက တဖြည်းဖြည်း ကျုံးသွင်းခံနေရပါမယ်။ တရုတ်နဂါးက စပါးကြီးမြွေလို တဖြည်းဖြည်း ရစ်ပတ် ဝါးမြိုတာကို လုပ်နေပါတယ်။ အမေရိကန် မလိုချင်တဲ့ ကိစ္စဟာ တဖြည်းဖြည်း ဖြစ်လာပါလိမ့်မယ်။ မြန်မာဟာ တရုတ်ရင်ခွင်ပိုက်အဖြစ် ရောက်ပါတော့မယ်။ ပြည်တွင်းအုပ်စုတွေဟာ — တရုတ်ကို မလွန်ဆန်နိုင်သလို၊ အတွင်းစိတ်မှာ တရုတ်ကိုသာ တိမ်းညွှတ်ချက်ရှိနေလို့ ၊ တရုတ်ရဲ့ ရင်ခွင်ပိုက်ဖြစ်ဖို့ဟာ အလျင်အမြန် ဖြစ်လာပါလိမ့်မယ်။ 

အရပ်ဘက်အဖွဲ့အစည်းတွေ၊ NGO အုပ်စုတွေ၊ မီဒီယာတွေမှာ ဖော်ပြချက်ကို ကြည့်ပြီးတော့ — မြန်မာပြည်ကို တရုတ်ရင်ခွင်ပိုက်အဖြစ်ကနေ ထိန်းထားနိုင်ပြီလို့ အမေရိကန်က ထင်နေရင် မှားမယ်။ အမှားကြီးလည်း မှားနိုင်တယ်။ အကြောင်းကတော့ — ဒေါ်လာလှိုင်းနဲ့ ထိန်းထားနိုင်လို့ ဒေါ်လာလေချဉ်တက်ပြတာကို — အမေရိကန် ဩဇာရှိနေတယ်လို့ အထင်မရောက်ဖို့ လိုတယ်။ ဒါက စားကောင်းသောက်ကောင်းအောင် တာဝန်ကြေလေသံ ထုတ်ပြတာ ဖြစ်တယ်။ အနောက်နိုင်ငံက မြန်မာ့အရေး ရှုမြင်သူ / ပေါ်လစီဘီကာခွက်ကိုင်သူတွေဟာ ဒါကို နားလည်ရဲ့လား။ informal မဟုတ်တဲ့ လမ်းကြောင်းထဲက သဘောထားအမြင်တွေကို အမေရိကန်က မြင်အောင် ကြားအောင် မလုပ်ရင် — ပေးထားချက်အမှားတွေနဲ့ မြန်မာ့အရေးကို တွက်မိမှာပဲ။ ဒါကို နားလည်ပါ။