မွန်ပြည်နယ်မှာတရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေပိုမိုများပြားလာ

စစ်အာဏာသိမ်းယူခဲ့တဲ့၂ နှစ်တာကာလအတွင်း မွန်ပြည်နယ်မှာ တရားမဝင်ဆေးဝါးရောင်းဝယ်သုံးစွဲတာတွေ ပိုမိုများပြားလာကာ စစ်ကောင်စီက ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ လူငယ့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက DNA ကို ပြောပါတယ်။
 
မွန်ပြည်နယ်က မြို့နယ်တချို့မှာ တရားမဝင်မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ဖောက်ကားတာအပြင် သုံးစွဲတာတွေအပေါ် စစ်ကောင်စီက အရေးယူဖို့ထက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးဖို့ ကြိုးစားနေတာ ပိုမိုတွေ့ရှိနေရတယ်လို့ မွန်လူငယ်အဖွဲ့(MYF)ရဲ့တာဝန်ခံဦးက ပြောပါတယ်။
 
” စစ်အာဏာသိမ်းပြီးထဲက မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးတာ မရှိသလောက်ဖြစ်နေတယ်။ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းတွေကိုပဲ အသည်းအသန် လိုက်ဖမ်းနေတာများတယ်။ စစ်ကောင်စီကို သွားတိုင်ရင်တောင် မသိဟန်ဆောင်လုပ်ပြီးနေတာ ကြုံရတဲ့သူတွေအများကြီးပဲဖြစ်နေတယ်။” လို့ သူက ပြောပါတယ်။
 
မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေထဲမှာ အသက် ၁၅ နှစ်ကနေ အသက် ၃၀ နှစ် ကြား ပါဝင်နေပြီး မွန်ပြည်နယ်မှာရှိတဲ့ လူငယ်တွေရဲ့၈၀ ရာခိုင်နှုန်း နီးပါးဟာ မူးယစ်ဆေးဝါးစွဲလန်းသုံးစွဲနေတဲ့သူတွေ ဖြစ်နေတယ်လို့ လူငယ်အရေးလုပ်ဆောင်တဲ့အဖွဲ့တွေက ဆိုပါတယ်။
 
မော်လမြိုင်အပါအဝင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေးနဲ့ သံဖြူဇရပ်စတဲ့ မြို့နယ်တွေက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ တရားမဝင်မူးယစ်ဆေးဝါးတွေကို နယ်စပ်ဒေသလမ်းကြောင်းမှတဆင့် ရောင်းဝယ်သုံးစွဲနေကြကာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေထံ ငွေကြေးလျို့ဝှက်ပေးအပ်ရတဲ့အထိ ရှိနေတယ်လို့ ဒေသခံလူငယ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
 
ဒေသခံ လူငယ်တွေ သုံးစွဲနေကြတဲ့ မူးယစ်ဆေးဝါးအမျိုးအစားတွေထဲမှာ WY အမျိုးအစား ဆေးပြားတွေနဲ့ ဘိန်းစာရွက်တွေပါဝင်နေပြီး အရောင်းအဝယ်လုပ်ဆောင်သူအများစုဟာ မူးယစ်ဆေးဝါး​အမှုနဲ့ တရားစွဲထောင်ချခံရပြီး စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေ၊ စစ်ကောင်စီသတင်းပေးတွေက ရောင်းချနေကြတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက ဆိုပါတယ်။
 
” မူးယစ်ဆေးတွေက WY တွေ ပိုတွေ့လာတယ်။ ဘိန်းစာရွက်က သိပ်မတွေ့ရဘူး။အရောင်းအဝယ်လုပ်တဲ့သူတွေက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့သူတွေသတင်းပေးဒလန်တွေကပဲ ရောင်းနေတာ။ သူတို့အိမ်မှာပဲ ပေါ်ပေါ်တင်တင်ရောင်းတယ်။ လိုချင်ရင် ကြားခံလူတွေကို တဆင့်ချိက်ပြီး ကိုယ်လိုချင်သလောက်ပမာဏ ပြောဝယ်လို့ရတယ်” လို့သူက ဆိုပါတယ်။
 
ဒါ့အပြင် တရားမဝင်မူးယစ်ဆေးဝါးတွေရဲ့ပေါက်စျေးတွေအနေနဲ့ WYအမျိုးအစား တစ်ပြားကို ငွေ ၇၀၀၀ကျပ် မှ ၁၀၀၀၀ကျပ် ကြားနဲ့ ဘိန်းစာရွက်တစ်ကီလို ကိုငွေ ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ကြားစျေးရှိ​နေတယ်လို့လည်း အဆိုပါလူငယ်ရဲ့ပြောဆိုချက်အရ သိရပါတယ်။
 
အခုလို မူးယစ်ဆေးဝါးသုံးစွဲရောင်းချတာတွေအပေါ် စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အတွက် နောက်ဆက်တွဲပြဿနာတွေအဖြစ် လုယက်မှု၊ ခိုးမှုနဲ့ လူသတ်မှုတွေအထိ နေ့စဥ်ဆိုသလို ကြုံတွေ့နေကြရတာဖြစ်တယ်လို့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့တွေက ဆိုပါတယ်။
 
စစ်အာဏာသိမ်းယူတဲ့၂ နှစ်တာအတွင်း မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု​ကြောင့်လုယက်မှု၊ ခိုးမှုနဲ့ လူသတ်မှု စတဲ့ ရာဇဝတ်အမှုပေါင်း (၁၀၀) နီးပါးအထိ ရှိနေကာ ဒေသခံ ၂၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရတဲ့အပြင် မူးယစ်ဆေးဝါးဖမ်းဆီးရမိအမှုပေါင်း ၅၀ ဝန်းကျင်နဲ့ငွေကျပ် သိန်း တစ်သောင်း နီးပါးအထိ ဖမ်းဆီးအရေးယူထားတယ်လို့ မွန်ပြည်နယ်မူးယစ်းဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
” မွန်ပြည်နယ် မှာမူးယစ်ဆေးဝါးတွေ ဖမ်းမိတာရှိတယ်။ အမှုပေါင်း၅၀ နီးပါးရှိတယ်။ ဒီထက်ဖမ်းမိတာရှိနိုင််တယ်။ ရာဇဝတ်မှုတွေအနေနဲ့က ၁၀၀ ကျော်ရှိတယ်။ လူသတ်ဓားပြတိုက်တာနဲ့လူသတ်ခိုးမှုတွေကြောင့်ဒေသခံ၂၀ ဦးလောက်အသက်ဆုံးရှုံးထားတယ်” လို့သူက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း နိုင်ငံတဝန်းမှာတရားမဝင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၀၀၀ ကျော် နဲ့ ကာလတန်ဖိုးငွေကျပ်၁၀၀၀ ဘီလီယံကျော်အထိ ဖမ်းဆီးရမိခဲ့ပြီး မွန်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်က အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာနဲ့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Photo – Internet