ဖေဖော်၀ါရီ၊ ၂၆
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာခရိုင် Sajiwa အကျဉ်းထောင်မှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ မြန်မာစစ်ရှောင် ၈၀ကျော်ထဲကတဦးဟာ ဒီကနေ့ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အကျဉ်းထောင်ထိန်းသိမ်းရေးစခန်းမှာသေဆုံးသွားတယ်လို့ စစ်ရှောင်တွေဆီကသိရပါတယ်။
သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် Mr လမ်းခိုကျွန်းဖြစ်ပြီးနှလုံးရောဂါနဲ့ကွယ်လွန်သွားတာဖြစ်တယ်လို့လည်းဆိုရပါတယ်။
” ရုပ်အလောင်းကိုပြန်သယ်ဖို့လုပ်နေတယ်။မိသားစုကတော့ အလောင်းကိုမိုးရေးထဲကိုပြန်သယ်ဖို့စောင့်နေတယ်” လို့ မြန်မာစစ်ရှောင်တဦးကပြောပါတယ်။
ဒါ့အပြင် အကျဥ်းထောင်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရသူတွေထဲမှာ ကျန်းမာရေးဆိုးဝါးနေတဲ့ စစ်ရှောင် သက်ကြီးရွယ်အိုတွေရှိနေတယ်လို့ စစ်ရှောင်တွေရဲ့ပြောပြချက်အရသိရပါတယ်။
မဏိပူရပြည်နယ်မှာ စစ်ဘေးရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင် အယောက် ၈၀ ကိုတော့ပြီးခဲ့တဲ့နှစ် ၂၀၂၂ ဇန်နဝါရီ ၃၀ ရက်နေ့မှမဏီပူကွန်မန်ဒိုအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်ဘေးရှောင်တွေဖမ်းဆီးပြီးချိန်မှာ အိန္ဒိယအစိုးရနဲ့ NUG တွေ့ဆုံဆွေးနွေးမူပြုလုပ်ခဲ့သလို မဏိပူရက အရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာစစ်ဘေးရှောင်တွေကို နေထိုင်ခွင့်ပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။
မဏိပူရအစိုးရတာဝန်ရှိသူတွေကတော့ ဆွေးနွေးမှုတွေအပြီး မြန်မာစစ်ဘေးရှောင်တွေကို ကွင်းဆင်းစစ်ဆေးမှုတွေလုပ်ပြီးရင် စစ်ရှောင်ကဒ်တွေထုတ်ပေးပြီး နေထိုင်ခွင့်ပြုတောမယ်လို့ မြန်မာစစ်ရှောင်တွေဆီကနေသိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာစစ်ရှောင်ရှစ်ဆယ်ကျော်ကို ပြန်လွတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဖေဖော်ဝါရီ လဆန်းပိုင်းမှာ မဏိပူရအစိုးရကို တောင်းဆိုထားပေမယ့် အခုချိန်ထိတော့ ပြန်လွတ်မြောက်တာမရှိသေးပါဘူး။