တမူးမှာ နေအိမ်ခြံဝန်းထဲလက်နက်ကြီး ကျည်ကျပေါက်ကွဲလို့ ငါးနှစ်အရွယ်ကလေးတဦးသေဆုံး

ဖေ‌ဖော်၀ါရီ၊ ၂၅

စစ်ကိုင်းတိုင်း၊တမူးမြို့ နန်းဖာလုံရပ်ကွက်က နေအိမ်ြခံဝန်းတခုထဲ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက် မနက်ပိုင်းက လက်နက်ကြီးကျည်ကျပေါက်ကွဲလို့ ငါးနှစ်အရွယ်ကလေးနှစ်ဦးနဲ့ ကလေးမိခင်တဦးထိခိုက်ခဲ့ပြီး အဲ့ဒီသုံးဦးထဲက ငါးနှစ်အရွယ်ကလေးတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“နန်းဖာလုံထဲက ခြံဝင်းတခုထဲကျတာ၊ကလေးနှစ်ယောက်အပါအဝင် သုံးယောက်ကိုမှန်တာ၊မနက် Grace ဆေးရုံကိုပို့ကတည်းက ကလေးတယောက်က တော်တော်ဆိုးနေပြီ၊ဆေးရုံရောက်မှသေတာလား၊ မရောက်ခင် သေတာလားတော့ မသိဘူး” လို့ တမူးမြို့ခံတဦးကပြောပါတယ်။

တမူးမြို့၊မြို့မ(၁၂/က)၊နန်းဖာလုံရပ်ကွက်က နေအိမ်ခြံဝန်းတခုထဲ လက်နက်ကြီးကျည်ကျပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီလက်နက်ကြီးဟာ တမူးမြို့တပ်ကုန်းကနေ စစ်ကောင်စီက ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

သေဆုံးသွားတဲ့ကလေးနဲ့ငါးနှစ်အရွယ်ကလေးဟာ သားအမိတွေဖြစ်ပြီး လက်ရှိနေအိမ်ကိုပြောင်းရွှေ့ လာတာ မကြာသေးတဲ့ ဧဝံဝေလိတရားဟောဆရာမိသားစုကဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ချိန် နန်းဖာလုံတဝိုက် တိုက်ပွဲဖြစ်နေတာ မရှိဘူးလို့မြို့ခံတွေကပြောပြီး ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကိုတော့မသိကြပါဘူး။

တမူးမြို့တပ်ကုန်းက စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ မကြာမကြာလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့နှစ်အတွင်းကလည်း ကိုရင်တပါးအပါအဝင် ပြည်သူတချို့ လက်နက်ကြီးကျည်ထိလို့ ထိခိုက်ဒဏ်ရာရ ခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။