ဖေဖာ်၀ါရီ၊ ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လွယ်စောင့်ကျေးရွာအုပ်စု တောင်ခြေရွာအနီး ဒုဌဝတီမြစ်ပေါ်မှာတည် ဆောက်နေတဲ့ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် သီပေါမြို့နယ်အတွင်း ဒေသခံလေးသောင်းလောက် နေထိုင်တဲ့ ကျေးရွာပေါင်း တရာကျော် ရေလွှမ်းမိုးခံရနိုင်ချေ ရှိနေတယ်လို့ နမ္မတူမြစ်ကာကွယ်သူများအဖွဲ့က ပြောပါ တယ်။
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း စတင်စဉ်က နားမခေါ်ကျေးရွာအုပ်စုအတွင်းက တာလုံကျေးရွာတရွာတည်း သာရေလွှမ်းမိုးခံရမယ်လို့ စီမံကိန်းဖော်ဆောင်သူတွေက ပြောခဲ့ပေမဲ့ ခုချိန်မှာ ဒုဌဝတီမြစ်ကြောင်းတလျှောက် ကျေးရွာအုပ်စု ၁၁ စုက ရွာပေါင်း ၁၀၀ ကျော်အထိ ရေမြုပ်ဧရိယာအတွင်း ပါဝင်နေတယ်လို့ဆိုပါတယ်။
“အဓိက ဒီစီမံကိန်းကြီးက ပွင့်လင်းမြင်သာမှု မရှိတာပါ” လို့ နမ္မတူမြစ်ကာကွယ်သူများအဖွဲ့က တာဝန်ရှိ အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၉ရက် နေ့စွဲနဲ့ သီပေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်တဲ့ အမိန့်စာတခုမှာ ရဲ ရွာရေအား လျှပ်စစ်စီမံကိန်းကို အရှိန်အဟုန်နဲ့ အကောင်အထည်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပြီး ၂၀၂၃ ခုနှစ်မှာတမံတည်ဆောက်ပြီးစီးမှာဖြစ်တယ်လို့ဆိုတာကြောင့် ဒီနှစ်ထဲ ရေစလွှတ်တော့မယ်လို့ သူက ရှင်းပြပါ တယ်။
“ကျွန်မတို့ ဒေသက ဥယျာဉ်ခြံတွေ၊ အိမ်တွေ မြေတွေ၊ တောင်ယာတွေ၊ သမိုင်းဝင်ဘုရားတွေ ရေအောက်ရောက် သွားတော့မယ်၊ဒီစစ်အုပ်ချုပ်ရေးကာလမှာ ဒေသခံတွေအနေနဲ့ အားကိုရာမဲ့နေတာအမှန်ပါပဲ” လို့ နမ္မတူမြစ်ကာ ကွယ်သူများအဖွဲ့ဝင်ကပြောပါတယ်။
အဆိုပါကျေးရွာအုပ်စုတွေရဲ့ မြေပြင်အချက်အလက်တွေကို ကျေးရွာအုပ်စု (၁၁)စုက အုပ်စု အုပ်ချုပ်ရေးမှူး တွေ၊ ရပ်ကျေးစာရေးတွေ၊ မြေစာရင်းဝန်ထမ်းတွေ၊ စီမံကိန်းက ဝန်ထမ်းတွေပါဝင်တဲ့အဖွဲ့တဖွဲ့၂၀၂၂ ဒီဇင်ဘာလ အ တွင်း ဖွဲ့စည်းကောက်ယူတာရှိပေမယ့် တကယ်ထိခိုက် နစ်နာမယ့် ဒေသခံတွေကတော့ ဘာမှ မသိရသေး ဘူးလို့ နမ္မတူမြစ်ကာကွယ်သူများအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီစီမံကိန်းကို စစ်အစိုးရနဲ့ ရင်းနှီးတဲ့ IGE အုပ်စုရဲ့ လက်အောက်ခံ IPGနဲ့ ပြင်သစ်ကုမ္ပဏီ Razel-Bec တို့ ပူးပေါင်း လုပ်ကိုင်နေပြီး ဂျပန်၊ ဆွစ်ဇာလန်၊ ဂျာမနီနဲ့ တရုတ်ကုမ္ပဏီတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။
အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းဟာ ၂၀၀၈ ခုနှစ်နအဖ စစ်အစိုးရလက်ထက်မှာ စတင်အကောင်အထည် ဖော်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ၂၈၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က အဲ့ဒီ စီမံကိန်းဟာ လူထုအတွက် အန္တရာယ်ရှိနိုင်လို့ စီမံကိန်းအတွက်အသုံးချမယ့်ဘတ်ဂျတ်ကိုလျှော့ချဖို့ ဆွေးနွေး ခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲ့ဒီအချိန်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းနိုင်က စိုးရိမ်စရာမရှိတဲ့အကြောင်း တုံ့ပြန်ရှင်းလင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာမှာစီမံကိန်းဆက်လုပ်ဖို့ ထောက်ခံမဲပေးသူများတာကြောင့် ဦးစိုင်းသန့်ဇင်ရဲ့ ဘတ်ဂျတ်လျှော့ချရေးအဆိုရှုံးနိမ့်ခဲ့ပါတယ်။
အဲ့ဒီစီမံကိန်းပြီးစီးပါက တနှစ်ကို ပျှမ်းမျှ လျှပ်စစ်ဓာတ်အား ၁၄၀၉ သန်း ကီလိုဝပ်နာရီထုတ်လုပ်ဖြန့်ဖြူး နိုင်မှာ ဖြစ်ပြီး လူဦးရေ ၃ ဒသမ ၇ သန်း၊ နိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၆ ဒသမ ၆ ရာခိုင်နှုန်းကို လျှပ်စစ် ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်မှာဖြစ်တယ်လို့NLD အစိုးရလက်ထက်မှတ်တမ်းတွေမှာတွေ့ရပါတယ်။
NLD အစိုးရလက်ထက်ကတည်းက အဲ့ဒီစီမံကိန်းကို ၂၀၂၂ ခုနှစ်မှာအပြီးသတ်နိုင်ဖို့ ကြိုတင်ရည်မှန်းလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။လက်ရှိမှာ ဒေသခံတွေက စိုးရိမ်နေကြပေမယ့် NLD အစိုးရရဲ့ ရှင်းလင်းချက်မှတ်တမ်းတွေမှာ လည်း အထက်ရဲရွာ စီမံကိန်းကြောင့် ရွာတရွာတည်းသာ ရွှေ့ပြောင်းရမှာဖြစ်တယ်လို့ ရှင်းလင်းဖော်ပြခဲ့တာ တွေ့ရပါတယ်။
အဲ့ဒီစီမံကိန်းကြောင့် ရေလွှမ်းနစ်မြုပ်သွားနိုင်တဲ့ ရွာတွေထဲကဘော်ကြိုရွာဟာ သမိုင်းဝင် ဘော်ကြိုဘုရား ကြီး အပါအဝင်တခြားသမိုင်းဝင် အမွေအနှစ်တွေကြောင့် ကျော်ကြားပြီး အခုရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေ အောက်နစ်မြုပ်ပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါအပြင် သီပေါမြို့နဲ့ ၁၃ မိုင်ခန့် ကွာဝေးတဲ့ မိုးတေကျေးရွာအုပ်စုမှာလည်း ၂၁၀ မဂ္ဂါဝပ်ထုတ်လုပ်မဲ့ နမ္မတူရေ အား လျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံသားတွေ ရှယ်ယာပါဝင်တဲ့ Natural Current Energy Hypropower Co.ltd က ဖော်ဆောင်နေပြီး နမ္မတူမြို့နယ်ထဲက လီလုကျေးရွာဟာ ရေအောက် ရောက်မယ့် အန္တရာယ် ရှိနေတယ်လို့ စောင့် ကြည့်နေသူတွေကပြောပါတယ်။