ကန့်ဘလူနယ် ပျူစောထီးရွာအနီးမှာမိုင်းထိလို့နယ်လှည့်ဈေးရောင်းသူအပါအဝင် ငါးဦးဒဏ်ရာရ

ဖေဖာ်၀ါရီ၊ ၂၅

စစ်ကိုင်းတိုင်း၊ကန်ဘလူမြို့နယ်တောင်ပိုင်း၊ထန်းကုန်းတိုက်နယ်မှာ ဒီကနေ့မနက်အစောပိုင်းက မိုင်းနင်းမိလို့ တမနက်တည်း ငါးဦး ဒဏ်ရာရပြီးတဦးစိုးရိမ်ရတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

ထန်းကုန်းတိုက်နယ်အတွင်း ပျူစောထီးရွာအဖြစ် လူသိများတဲ့​ညောင်ဇင်ရွာအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာ ဖြစ်ပြီး အဲ့ဒီမိုင်းတွေဟာ ပျူစောထီးတွေက သူတို့ရွာလုံခြုံရေးအတွက် ထောင်ထားတဲ့မိုင်းတွေဖြစ် တယ်လို့ ဆိုပါတယ်။

“အဲဒီရွာက ပျူတွေအားကောင်းတဲ့ရွာဆိုတော့ PDF တွေအနားမကပ်နိုင်အောင် ထောင်ထားတဲ့ မိုင်းတွေရှိတယ်၊ ရွာဘေးမှာ မိုင်းတွေရှိတယ်၊ပြည်သူတွေလာတဲ့အချိန် မိသွားတာပါ၊အဲဒါ့ပေါက်ကွဲပြီး ငါးဦးထိသွားတာပါ၊ တ ယောက်ကတော့ စိုးရိမ်ရတယ်”လို့ ကန့်ဘလူဒေသခံကပြောပါတယ်။

မိုင်းထိသူတွေဟာ ကန့်ဘလူ ကာဘိုးရွာဘက်ကနေ ဆိုင်ကယ်နဲ့ ရွာစဉ်လှည့် ဈေးရောင်းတဲ့ လင်မယားနှစ်ဦးနဲ့ ညောင်ဇင်ရွာခံသုံးဦးဖြစ်တယ်လို့ သိရပါတယ်။ကျေးရွာ အဝင်အထွက်လမ်းမှာ မိုင်းနင်းမိပြီးပေါက်ကွဲခဲ့တာဖြစ် တယ်လို့ ကန့်ဘလူဒေသမြေပြင်သတင်းတွေ ဖော်ပြနေတဲ့ Infinity Group ကဆိုပါတယ်။

အဲဒီ ညောင်ဇင်ရွာမှာ ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီ ၁၆ ရက်​ ကလည်း မိုင်းပေါက်ကွဲမှုဖြစ်လို့ ပြည်သူတဦးနဲ့ နွားနှစ် ကောင် ထိခိုက်ခဲ့သေးတယ်လို့သိရပါတယ်။ပျူရွာဖြစ်တာကြောင့် ရွာအနီးပေါက်ကွဲတဲ့မိုင်းတွေဟာ ပျူစောထီးတွေထောင် ထားတာလို့ ဒေသခံတွေကပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

“တချို့နေရာတွေမှာတော့ လုံခြုံရေးအရ ကျေးရွာအနီးနားကို မိုင်းထောင်းတာတွေရှိတယ်၊ဒါပေမယ့် လူထုကို တော့ အသိပေးထားတယ်၊ဘယ်ကနေမဝင်နဲ့ ဘယ်ကမသွားနဲ့ဆိုတာမျိုးပေါ့၊ပျူတွေကျတော့ သူတို့ဘာသာ ထောင်ချင်တဲ့ နေရာထောင်တော့ လူတွေက မသိကြဘူး ” လို့ ကန့်ဘလူ ဒေသခံ တဦးကဆိုပါတယ်။