ရွှေဘိုဒေသခံတွေကို စစ်ခုံရုံးက တသက်တကျွန်းသုံးကြိမ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

ဖေဖာ်၀ါရီ၊ ၂၅

စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချူပ်ရေး ကြေညာထားတဲ့ ရွှေဘိုမြို့နယ်ဒေသခံနှစ်ဦးကို PDF တွေလို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်ရဲ့ စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်း သုံးကြိမ်အပြင် ထောင်နှစ်သုံးဆယ်ကျော်စီပူးတွဲချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ရွှေဘိုဒေသခံ ခြောက်ဦးကို အခုလ ဖေဖော်ဝါရီ ၂၃ရက်မှာ ရွှေဘိုမြို့နယ် စစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တာဖြစ်ပြီး နှစ်ဦးကိုတော့ ထောင်ဒဏ်တသက်အထိ သုံးကြိမ်အပြင် နှစ်သုံးဆယ်ကျော်ထောင်ဒဏ်ပါချမှတ်ခဲ့တာပါ။

” လွန်ခဲ့တဲ့ တနှစ်လောက်က ဒလန်ရှင်းလင်းရေးဖြစ်စဉ် တခုနဲ့ ပက်သက်ပြီး ဒီလထဲ ဖမ်းဆီးခံခဲ့ရတာပါ၊PDF တွေဆိုပြီး စွပ်စွဲထောင်ချလိုက်တယ် ” လို့ အမည်မဖော်လိုတဲ့ ရွှေဘိုဒေသခံကပြောပါတယ်။

ရွှေဘိုမြို့နယ် စစ်ခုံရုံးက ဒေသခံ ခြောက်ဦးကိုအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခဲ့ပြီး ကိုဖြိုးမင်းသူ (ခ)ငချဲနဲ့ ကိုစိုးဝေဇော်(ခ)စိုးကြီးတို့ကို တသက်တကျွန်း သုံးကြိမ်နဲ့ထောင် ဒဏ် ၃၄ နှစ်စီ ပူးတွဲ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့သိရပါတယ်။

ဒါ့အပြင် နောက်ထပ်ဖမ်းဆီးခံထားရသူသုံးဦးကိုလည်း ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ်တွေချမှတ်ခဲ့ပြီး တဦးကိုတော့ တသက်တကျွန်းအပြင် ထောင်ဒဏ် ၁၇နှစ်ပူးတွဲချမှတ်ခဲ့တယ်လို့သိရပါတယ်။

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ ကိုစိုးမိုးသူ၊ကိုထက်မြက်(ခ)ထက်ကြီး၊ကိုကျော်စိုးအောင်နဲ့ မဝေဝေလွင်တို့ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ ခြောက်ဦးကို စစ်ကောင်စီက အခုလအတွင်းဖမ်းဆီးခဲ့တယ်လို့သာ လတ်တလောသိရပြီး စွဲဆိုခံရတဲ့အမှုအခြေအနေနဲ့ PDF တပ်ဖွဲ့ဝင်တွေ ဟုတ်မဟုတ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ 

အခုလိုထောင်ဒဏ် တသက်တကျွန်းသုံးခါ ချမှတ်တဲ့ ပြစ်ဒဏ်မျိုး တရားစီရင်ရေး လောကမှာ မကြားဖူးသလို ဖြစ်နိုင်ဖို့ အလွန်နည်းပါးတဲ့ ပြစ်ဒဏ်မျိုးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ တရားလွှတ်တော် ရှေ့နေ တဦးကပြောပါတယ်။

“တရားစီရင်ရေး သဘောအရ စွဲလိုက်တဲ့ တမှုအပေါ်မှာ ပြစ်ဒဏ် တစ်ခုပဲချလို့ရတယ်၊ သုံးသက် သုံးကျွန်းချမယ်ဆိုရင် အမှုကလည်း ၃၀ ကျော်လောက်စွဲမှရမယ်၊အဲဒီပြစ်မှုတွေကလည်း အမြင့်ဆုံးပြစ် ဒဏ် တသက်တစ်ကျွန်းချနိုင်တဲ့ ပြစ်မှုနဲ့ စွဲမှာသာဖြစ်နိုင်တယ်၊ ဘာကြောင့်ဆိုတော့ပျက်ကွက်မှုတခုအတွက် တကြိမ်သာ အပြစ်ပေးလို့ရမယ် ” လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ အခုလအတွင်းမှာ ရွှေဘိုမြို့ အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့က မြို့နယ်လေးဆယ်လောက်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးစစ်ကြောင်းထိုးတာ၊အ ကြမ်းဖက်ဖိနှိပ်တာတွေလုပ်နေသလို ရွှေ ဘိုမြို့နယ်မှာလည်း ဖိနှိပ်ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။