မော်လမြိုင်ကျွန်းက ပျူစောထီး ခေါင်းဆောင် သေနတ် နဲ့ သုံးချက်အပစ်ခံရ

ဖေဖော်ဝါရီ၊ ၂၄ 

ဧရာ၀တီတိုင်း ၊မော်လမြိုင်ကျွန်းမြို့နယ်က ပျူစောထီးခေါင်းဆောင် ဦးကျော်တင့်ဦး ဆိုသူဟာ ဖေဖော်ဝါရီ ၂၄ရက်၊ နေ့လည်ပိုင်းက သေ နတ်နဲ့ သုံးချက်ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပြည်သူစစ်အဖြစ် အသွင်ပြောင်းထားတဲ့ ပျူစောထီးခေါင်းဆောင်လည်းဖြစ် မြို့နယ်မဘသအဖွဲ့  တာဝန်ခံလည်းဖြစ်တဲ့ ဦးကျော်တင့်ဦးကို အမှတ် ၁၀ရပ် ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်မှာ ဆိုင်ကယ်နဲ့ လာရောက်ပြီး ပစ်ခတ်သွားတာလို့ ဒေသခံတွေထံက သိရပါတယ်။

“သေနတ်နဲ့ သုံးချက်အပစ်ခံရတာ။ သွေးတွေရွှဲနေတာပဲ။ ရန်ကုန်ဆေးရုံကို ချက်ခြင်း ပို့လိုက်ကြတယ်။ သေမသေမသိရသေးဘူး ” လို့ ဒေသခံလူမှုကူညီရေး အဖွဲ့ ဝင်တဦးက ​DNA ကို ပြောပါတယ်။

ဦးကျော်တင့်ဦး ရဲ့ လက်မောင်း ၊ ဝမ်းဗိုက်နဲ့ ဆီးခုံတို့မှာ သေနတ်ထိမှန် ဒဏ်ရာတွေ ရရှိခဲ့ပြီး လာရောက် ပစ်ခတ်သူတွေကတော့ ထွက် ပြေး လွတ်မြောက် နေတယ်လို့ ရဲတပ်ဖွဲ့ ရဲ့ ကနဦး သတင်းအရသိရပါတယ်။

ဦကျော်တင့်ဦး က သတင်းပေးတာကြောင့် စစ်တပ်ဆန့်ကျင်သူတွေ၊ သူနဲ့ မသင့်မြတ်သူတွေဟာ ဖမ်းဆီးခံရတာ ထောင်ချခံရတာ အတော်များများ ခဲ့တယ်လို့ မော်လမြိုင်ကျွန်းမြို့ခံအချို့က ဆိုပါတယ်။

“ဒီနယ်ဘက်မှာ သူက နာမည်ကြီးတယ်။ တခါကလည်း သေနတ်နဲ့ ပစ်ခံရဖူးတယ်။ မသေဘူးလေ။ အဲ့တော့ သေနတ်ပီးတယ် ဆိုပြီး နာမည်ကြီးနေတာ “လို့ ဒေသ ခံတဦးက ပြောပါတယ်။

ပျူစောထီးခေါင်းဆောင် ဦးကျော်တင့်ဦးကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်က မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နဲ့ ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းပြီး သေနတ်နဲ့  ပစ်ခတ်ခဲ့ရာမှာ လက်မောင်းကိုသာ ထိမှန်ခဲ့ပြီး ဆေးရုံတက် ကုသခဲ့ရပါတယ်။

ယခု ပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး ဒေသခံတော်လှန် ရေး အင်အားစုများဘက်က ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေပိုင်းအထိ သတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါ။

Photo – Social Media