ကျေးရွာပကဖခေါင်းဆောင်ကို ပစ်ခတ်ခဲ့သူလေးဦးကို NUG ရဲတပ်ဖွဲ့ တရားစွဲမယ်

ဖေဖော်ဝါရီ၊ ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာ ပကဖခေါင်းဆောင်ကို ချောင်းမြောင်းပစ်ခတ်မှုနဲ့ ပါတ်သတ်ပြီး စေခိုင်းသူနဲ့ ပါဝင်သူလေးဦးကို ဥပဒေအရ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲတပ်ဖွဲ့ တာဝန်ရှိက ပြောပါတယ်။
 
“လောလောဆယ်ရဲက အမှုဖွင့်ထားတာက ၃၀၇/၁၁၄ နဲ့ ဖွင့်ထားတယ်။ ပါဝင်ခဲ့တဲ့ ၂ယောက်က လူသတ်ရန်ကြံစည်မှု ၃၀၇ နဲ့ အမှုဖွင့်ထားပြီး ကူညီပေးခဲ့တဲ့နှစ်ယောက်ကို လူသတ်ရန်ကြံစည်မှု လူသတ်ရန်အားပေးကူညီမှုနဲ့ အမှုဖွင့်ထားတယ်။ တိမ်းရှောင်နေတဲ့ GZခေါင်းဆောင်ကိုတော့ ဝရန်းပြေးနေတာဖြစ်တဲ့အတွက် ၅၁၂ပါ ကပ်ထားတယ်”လို့ အမှုကို ကိုင်တွယ်နေတဲ့ ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့က ရဲအုပ်အောင်နိုင်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ရက်က ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာက ပကဖခေါင်းဆောင်တဦးကို ချောင်းမြောင်းပစ်ခတ်မှုဖြစ်စဉ်နဲ့ ပါတ်သတ်ပြီး NUG ရဲတပ်ဖွဲ့ကို အမှုဖွင့်တိုင်ကြားခဲ့ရာ GZ Special Task Force က တပ်ဖွဲ့ဝင်၂၀နီးပါးကို ထိန်းသိမ်းခဲ့ပါတယ်။
 
သံသယရှိသူတွေကို စုံစမ်းစစ်ဆေးအပြီးမှာ GZ Special Task Force က တပ်ဖွဲ့ဝင်တွေရဲ့ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်သူ ၂  ဦး၊ ပူးပေါင်းပါဝင်သူ ၂ ဦးနှင့် ဦးဆောင်ညွှန်ကြားသူတဦးကို သက်သေအထောက်အထား ခိုင်ခိုင်မာမာဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
“လောလောဆယ်က ရဲစစ်ဆေးဆဲပဲ ရှိသေးတာ။ တရားမစွဲရသေးဘူး။ ဥပဒေအကြံတောင်း တင်ဖို့ရာအတွက် ကျွန်တော်တို့ အမှုတွဲတည်ဆောက်နေတယ်။ အမှုတွဲတည်ဆောက်ပြီးတာနဲ့ ဥပဒေအကြံတောင်းတင်မယ်။ ဥပဒေအကြံတောင်းကျမှ တရားစွဲလို့ရမှာ” လို့ ရဲအုပ်အောင်နိုင်က ပြောပါတယ်။
 
ကျူးလွန်ရာမှာ တိုက်ရိုက် ပါဝင်ပက်သက်မှု မရှိသူ (၁၀)ဦးကို အာမခံ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ်လေးဦးကိုလည်း အာမခံနဲ့ ဆက်လွှတ်ပေးမယ်လို့ သိရပါတယ်။
 
“ကျွန်တော်တို့ မြို့နယ်အတွင်းမှာ မြို့နယ်ပအဖ၊ ပကဖ၊ ပလဖ၊ ပြည်သူ့ရဲတပ်ဖွဲ့ကော၊ တပ်ရင်းကော၊ ခေါင်းဆောင်တွေ အကုန်ပူးပေါင်းပြီး ပွတ်တိုက်မှု အနည်းဆုံးဖြစ်အောင်နဲ့ မလိုလားအပ်တဲ့ ပြသနာတွေမဖြစ်အောင် ခေါင်းဆောင်တွေက အတတ်နိုင်ဆုံးညှိနှိုင်းပြီး ဆောင်ရွက်နေတာဖြစ်တယ်”လို့ ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့က ရဲအုပ်အောင်နိုင်က ပြောပါတယ်။
 
အခုဖြစ်စဉ်ဟာ တော်လှန်ရေးအဖွဲ့တွေကြား ပွတ်တိုက်မှုမဟုတ်ပဲ ရာဇဝတ်မှုကျူးလွန်သူနဲ့ တရားဥပဒေစိုးမိုးရေး ပုံဖော်နေသူတို့ကြားက ဖြစ်စဉ်လို့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့ – ဝက်လက်ကို ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဖွဲ့စီးခဲ့တာဖြစ်ပြီး ၂၀၂၂ခုနှစ်အတွင်းမှာ အမှု ၁၃မှုနဲ့ အခု ၂၀၂၃ခုနှစ်ထဲမှာ အမှု ၃ခုကို စုံစမ်းဖော်ထုတ်အရေးယူပြီးခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေး