ရခိုင်ရိုးမနဲ့ ထိစပ်တဲ့ သစ်တောအတွင်း စစ်ကောင်စီက တလနှစ်ကြိမ်ပုံမှန်စစ်ကြောင်းထိုးနေ

ဧရာဝတီတိုင်းက ရခိုင်ရိုးမနဲ့ ဆက်စပ်ထိစပ်တဲ့ သစ်တောနေရာတွေကို PDF တွေခိုအောင်းနေတယ်လို့ အကြောင်းပြကာ တလနှစ်ကြိမ်ပုံမှန်စစ်ကြောင်းထိုးလုပ်ဆောင်နေတယ်လို့ တပ်တွင်းနီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက ရခိုင်ရိုးမနဲ့ ထိစပ်တဲ့ ကြံခင်း၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်းနဲ့ မော်တင်လမ်းစတဲ့သစ်တောအတွင်းကို မနှစ်က စက်တင်ဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလအပြင် ဒီနှစ်ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလတွေမှာလည်း စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့ပါတယ်။

“တမင်တကာအကြောင်းပြပြီး စစ်ကြောင်းထိုးနေတာ။ သစ်တောထဲမှာဘာ PDF အဖွဲ့မှမရှိဘူး။ ရှိခဲ့ရင်တောင် နေရာရွှေ့သွားတာကြာပြီ။ တခါမှလည်း PDF တွေဖမ်းဆီးခံရတာ မရှိခဲ့ဘူး။ ရှေ့တန်းထွက်ရမှာကြောက်လို့ တမင်လိုက်လုပ်နေတဲ့ သဘောပါပဲ ” လို့ ဒေသခံတဦးက ဆိုပါတယ်။

ရခိုင်ရိုးမတောအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်တဲ့ စစ်ကောင်စီတပ်ရင်းတွေဟာ ပုသိမ်နဲ့ ကြံခင်းမြို့နယ်အခြေစိုက်တပ်ရင်းတွေ​ဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်ပွားရာဒေသတွေကို မသွားရောက်လိုတာကြောင့် တမင်တကာလုပ်ဆောင်နေတာဖြစ််တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီ တပ်တွေဟာ ရိုးမတောထဲကိုဝင်ရောက်စဥ်မှာ သစ်တောထဲမဝင်ရောက်ဖို့ အမိန့်ထုတ်ပြန်တာအပြင် ဝင်ရောက်သူတွေကိုလည်း အတင်းအကျပ်ဖမ်းဆီးတာတွေကြောင့် စိုးရိမ်ထိတ်လန့်ကြရတယ် သစ်ဝါးခုတ်ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်တွေ တောထဲဝင်ပြီဆိုတာနဲ့ သစ်တောထဲကသူ​တွေဆို အတင်းဆင်းခိုင်းတယ်။ ဖမ်းပြီးအမေးခံရတာတောင်ရှိတယ်။ နောက်မှ တောထဲဝင်မဲ့သစ်ဝါးခုတ်သမားတွေကို မဝင်ရဘူးဆိုပြီး အမိန့်ထုတ်တယ်။ ရိုးမတောအဝင်မှာဆိုရင် စစ်သား ၁၀ ဦးလောက် ကင်းပုန်းချထားတယ်။ သစ်တောထဲလည်း မဝင်ရပြန်လို့လည်းမရတော့ ဒုက္ခတွေရောက်ခဲ့ရတယ်” လို့ ရေကြည်မြို့ခံ သစ်ဝါးခုတ်သမားတဦးက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ရခိုင်ရိုးမတောအနီးမှာ လာရောက်နေထိုင်ကြတဲ့ ဒေသခံတွေကို နှင်ထုတ်တာတွေကြောင့် ရိုးမတောအပေါ်အမှီပြုလုပ်ကိုင်နေရတဲ့ ဒေသခံတွေဟာ အလုပ်အကိုင်အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ ဒေသခံသစ်ဝါးခုတ်သမားတွေက ဆိုပါတယ်။

ယခုလို စစ်ကြောင်းထိုးဝင်ရောက်မှုတွေအပေါ် ပုသိမ်အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)ရဲ့ညွှန်ကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊စက်တင်ဘာလကစပြီးတစ်လကို နှစ်ကြိမ်အဖြစ်  အင်အား ၁၀၀ ထက်မနည်း ရခိုင်ရိုးမတောအတွင်းကို ဝင်ရောက်နေတာဖြစ်တယ်လို့ တပ်အတွင်းနဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။

Photo – Google

ပုံစာ – ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်ကြားရခိုင်ရိုးမတောတွင်းတနေရာအားတွေ့ရစဉ်။