ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်ထဲမှာ မနေ့က ညပိုင်းနဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ရက်မနက်ပိုင်းတို့က မပေါက်ကွဲသေးတဲ့ဗုံးတွေဆက်တိုက်တွေ့လို့ စစ်တပ်ကရှင်းလင်းခဲ့သလို လူငယ်တချို့လည်းအဖမ်းခံကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်း အောက်ဘက်၊ ကျော်တံတား လမ်းထိပ်က ကုဋေကြွယ် လက်ဖက် ရည်ဆိုင်နားမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ဗုံးတွေ့လို့ စစ်ကား ရှစ်စီးနဲ့ရဲကားနှစ်စီးရောက်လာပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီနောက် မပေါက်ကွဲသေးတဲ့ဗုံးကိုယူသွားပြီး ကမ်း နားလမ်းအတိုင်းသုံးထောင့်ကွေ့မီးပွိုင့်ဘက်ကိုမောင်းနှင်းသွားခဲ့တယ်လို့ သိရပါတယ်။
” ဗုံးတွေ့တော့ အဲ့ဒီနားမှာရှိနေတဲ့ လူငယ်တွေကိုစစ်တယ်၊Mask တပ်ထားတဲ့လူတယောက်ရယ်၊နောက်နှစ်ယောက်ရယ် သုံးယောက်ပေါ့၊သူတို့စစ်ပြီး ခေါ်သွားတာ”လို့ ကြည့်မြင်တိုင်မြို့နယ်၊မကျည်းတန်း (မြောက်)ရပ်ကွက်နေ ဒေသခံတဦးကပြောပါတယ်။
ကြည့်မြင်တိုင်မြို့နယ် ပန်းခြံအတွင်းမှာလည်း မနေ့ညက မပေါက်ကွဲသေးတဲ့ဗုံးတွေ့လို့ စစ်တပ်ကလာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ပါသေးတယ်။
အဲ့ဒီဖြစ်စဉ်မှာလည်း စစ်သားတွေက လူငယ်အမျိုး သားနှစ်ဦးကို စစ်ဆေးပြီးဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဖြစ်ချင်တော့ ကောင်လေးနှစ်ယောက်က မသိဘဲနဲ့ အဲ့ဒီပန်းခြံနားကနေ ဖြတ်လာချိန်မှာ သူတို့က ဖမ်းပြီး စစ်မေးနေတာ၊ကားပေါ်တင်ပြီး ခေါ်သွားတယ်” လို့ ကြည့်မြင်တိုင်မြို့နယ်နေ ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သား အများအပြားပန်းခြံကိုရောက်လာပြီးနောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးရှိ၊မရှိကို ဗားကရာမီးပွိုင့်နဲ့ ကျောင်းကြီးလမ်းအထိ ကမ်းနားလမ်းမကြီးတလျှောက်ပိတ်ပြီး ရှာဖွေတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။