မကွေးတိုင်း၊ပေါက်မြို့နယ်က ပေခုနှစ်ပင်ရွာမှာ နေထိုင်တဲ့ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးကြီးတဦး စျေးရောင်းပြန်လာစဥ် ပုသိမ်-မုံရွာ လမ်းမပေါ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နံနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူး ပေါင်းအဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးကြီးဟာ အသက်၅၀ နှစ်အရွယ် ပေခုနစ်ပင်ရွာ ဒေသခံ ဒေါ်မြင့်မြင့်စန်းဆိုသူ ဖြစ်ကာ ပေခုနစ်ပင်ရွာ အနောက်ဘက်ကနေ စျေးရောင်းပြန်လာခဲ့ပြီး ပုသိမ်-မုံရွာ လမ်းမပေါ် ရောက်ရှိစဥ် ဒီးဒုတ်ကွင်းရွာကနေ ရိက္ခါထွက်သယ်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစေထီးတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေခုနှစ်ပင်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပစ်သတ်ခံရတာ ပေခုနစ်ပင်ရွာနေ အသက်၅၀ ဝန်းကျင်အရွယ် ဒေါ်မြင့်မြင့်စန်း စျေးသည်တစ်ဦးပါ။ ပေခုနစ်ပင်ရွာ အနောက်ဘက်ကနေ စျေးရောင်းပြန်ရင်းပုသိမ်-မုံရွာ လမ်းမပေါ်ရောက်တုန်း ဒီးဒုတ်ကွင်းရွာက ရိက္ခါသယ်ထွက်လာတဲ့ စကစနဲ့ ပျူစေထီးတွေက ကာဘိုင်သေနတ်နဲ့ ရင်ဝကို အသေပစ်သွားတယ်” လို့သူက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်ခဲ့ ပြီးနောက် ဒေါ်မြင့်မြင့်စန်းရဲ့ လက်ကိုင်ဖုန်း တလုံး ၊ စျေးရောင်းရတဲ့ ငွေတွေအပါအဝင် ဆိုင်ကယ် တစီးနဲ့ နားကပ်တရံတို့ကိုပါ ယူဆောင်သိမ်းဆည်း သွားတယ်လို့လည်း သူက ထပ်မံပြောပါတယ်။
ဒေါ်မြင့်မြင့်စန်းဟာ အရင် NLD ပါတီဝင် အမာခံတဦး ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ စျေးရောင်းတဲ့ အလုပ်ကိုသာ ပြုလုပ်နေခဲ့တာအပြင် နိုင်ငံရေးနဲ့ ပက်သက်လို့ လုပ်ဆောင်တာမရှိခဲ့ပဲ စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့တွေ တမင်ရည်ရွယ် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သူမရဲ့မိသားစုဝင်တွေက ဆိုပါတယ်။
” သာမန်ပြည်သူ NLD ထောက်ခံသူ ပါ ။ ပါတီ ဆိုက်ကွဲတာကလွဲရင် သူတို့နဲ့ ငြိစရာမရှိဘူး ။ဘာပြဿနာမှ မဖြစ်သလို ဘယ်ဘက်မှ ရပ်တည်တယ်လို့ မဟုတ်ဘူး။ဒီအတိုင်းကို သတ်ဖြတ်ခံရတာ” လို့ ဒေါ်မြင့်မြင့်စန်းနဲ့ နီးစပ်တဲ့ မိသားစုဝင်ရွာခံတစ်ဦးကဆိုပါတယ်။
ဒေါ်မြင့်မြင့်စန်း ပစ်ခတ်သတ်ဖြတ်ခံမှုကို PDF တွေကဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်သွားခဲ့တဲ့အပြင်အဲဒီနေ့ ညနေပိုင်းမှာ ဝင်းထိုက် ဆိုသူကိုလည်း ရေနံမှော်အပြန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ကောင်စီထောက်ခံလူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင်ပေခုနှစ်ပင်ရွာဟာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ပူးပေါင်းအင်အား ၇၀ ခန့်နဲ့တပ်စွာထားတဲ့ကျေးရွာတစ်ခုဖြစ်ကာအခုသတ်ဖြတ်ခံရမှုဟာပထမဦးဆုံးဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးပေါက်PDF အဖွဲ့ကပြောပါတယ်။
ယခုသတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ ပေခုနှစ်ပင်ရွာအပြင်ဒီးဒုတ်ကွင်းကျေးရွာတွေအထဲမှာစစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့အင်အားများစွာနဲ့တပ်စွဲထားတဲ့အပြင်ဒေသခံတွေအပေါ် မကြာခနဖမ်းဆီးသတ်ဖြတ်တာရှိနေတယ်လို့ပေါက် ပကဖအဖွဲ့ဝင်တဦးကပြောပါတယ်။
“ပေခုနစ်ပင်ရွာမှာတော့ သတ်ဖြတ်ခံရတာ ဒီတယောက်ပဲ ကြားသိရပါတယ်။ပေခုနှစ်ပင်နဲ့ ဒီးဒုတ်ကွင်းရွာက ရွာခံပျူစောထီးနဲ့ စကစတွေ အထိုင်ချထားတဲ့ရွာပါ။ ပေါက်မြို့နယ် ပကဖ ဇုံ၄ ထဲမှာ ပါဝင်ပါတယ်ခင်ဗျ။အဲဒီပျူရွာမှာ ရွာခံပျူစောထီးက အင်အား၅၀ခန့်နဲ့စခ နဲ့ရခ အင်အား၂၀ ဝန်းကျင်ရှိတယ်။
ဒေသကာကွယ်ရေးတပ်တွေကပိတ်ဆို့ထားတော့ သူတို့ကစစ်ကြောင်းရှိမှစစ်ကြောင်းထိုးမှ ရေပြာရွာကိုသွားပြီးရိက္ခာသွားသယ်ကြတာ” လို့သူကပြောပါတယ်။လက်ရှိ မှာတော့စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့ဟာရေပြာကျေးရွာအတွင်းမှာဝင်ရောက်တပ်စွဲထားတယ်လို့ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင်ပေါက်မြို့နယ် ၊ပေခုနှစ်ပင်ရွာနဲ့ဒီးဒုတ်ကွင်းရွာအပါအဝင်အနီးအနားကရေကျော်၊ကျောင်းကုန်း၊ကျွန်းကြီး ကျွန်းရင်း၊ပုတီး၊ချက်ကန်၊ရန်ကင်း၊ကျအိုးနဲ့အောင်ချမ်းသာစတဲ့ကျေးရွာတွေကို
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလကနေအောက်တိုဘာလအထိစစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့ကစစ်ကြာင်းထိုးဝင်ရောက်ခဲ့တာရှိခဲ့တယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့တွေကဆိုပါတယ်။
အဲဒီစစ်ကြောင်းထိုးဝင်ရောက်ခဲ့မှုအတွင်းမှာကျအိုးကျေးရွာက ဒေသခံအသက် ၂၀ နှစ်ကျော်အရွယ် လူငယ်အမျိုသား ၁ဦးနဲ့ အောင်ချမ်းသာရွာကအသက် ၃၀ နှစ်မှအသက် ၄၅ နှစ်အရွယ် လူလတ်အမျိုးသား ၃ ဦး နဲ့ ဒီးဒုတ်ကွင်းကျေးရွာကအသက် ၅၀ နှစ်ဝန်းကျင် အမျိုးသား ၁ ဦးစုစုပေါင်း (၅)ဦးသတ်ဖြတ်ခံထားရကာနေအိမ်၆လုံးကိုလည်းစစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းအဖွဲ့ကမီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒါ့အပြင် ပေခုနစ်ပင်ရွာကဒေသခံပြည်သူ၅ဦးကိုလည်း၁၀ ရက်ကြာ ဖမ်းဆီးခဲ့ပြီးနောက်ပြန်လည်လွှတ်ပေးခဲ့တဲ့အပြင်နေအိမ်တွေထဲကိုဝင်ရောက်ပစ္စည်းခိုးယူပြုလုပ်တာတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ပြောဆိုချက်အရသိရပါတယ်။