တလကျော်ကြာ ပိတ်ခဲ့တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကို ဖေဖော်ဝါရီ ၂၄ရက်နေ့ကနေစပြီး ပုံမှန်အတိုင်း ပြန်ဖွင့်သွားမယ်လို့ စစ်ကောင်စီက မနေ့က သတင်းထုတ်ပြန်ပါတယ်။
အရင်နိုင်ငံကူးလက်မှတ်လျှောက်ထားရတဲ့ပုံစံဖြစ်တဲ့ Online Bookingစနစ်ကို မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)မှာသာလုပ်ဆောင်ပေးမှာဖြစ်ပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာတော့ ပုံမှန်လျှောက်ထားတဲ့ လုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်က Online Booking စနစ်ဟာ အချိန့်အကန့်အသတ်နဲ့ရှိခဲ့ပေမယ့် အခုအခါမှာတော့ အ ချိန်အကန့်အသတ်မရှိပဲ လျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ကိုသတ်မှတ်ထားတဲ့အတိုင်း တပါတည်းပေးချေရမယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီဘက်က အခုလိုလုပ်ဆောင်တာဟာ လုပ်ငန်းလွယ်ကူဖို့နဲ့ ကြားခံပွဲစားတွေကိုအခကြေး ငွေပေးပြီး လျှောက်ထားတာမလုပ်ဖို့ဆိုတာမျိုး အသိပေးထားပေမယ့် ကြားပွဲစား (အကျိုးဆောင်) ဆိုတာမျိုးဟာ ပျောက်သွားမှာမဟုတ်ဘူးလို့ ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီက တာဝန်ရှိသူတဦးကပြောပါတယ်။
” ပွဲစားဆိုတာ ဘယ်တော့မှပျောက်မှာမဟုတ်ဘူး၊ဘာလို့လည်းဆိုတော့ စာအုပ်လုပ်တဲ့သူက အဆင် ပြေပြေနဲ့လူမပင်ပန်းဘဲနဲ့ရတာမျိုးဆိုရင် အလုပ်အပ်ကြတာပဲ၊အဲ့ဒီမှာ လိမ်မယ့်လူတွေက အကြိုက် တွေ့တာ၊အခုလိုစနစ်ကိုပြင်လိုက်တာကောင်းတယ်ပဲထားဦး။လူတန်းစီတဲ့အခါ နေရာဦးတဲ့အခြေအနေမျိုးတွေရှိလာဦးမှာပါပဲ”လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခုရဲ့တာဝန်ရှိသူကပြောပါတယ်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမပိတ်ခင်က စာအုပ်လျှောက်သူများပြားတာကို အခွင့်ကောင်းယူပြီး ကြားပွဲစားတချို့က စာအုပ်လျှောက်သူတွေဆီက လိမ်လည်တာတွေ၊ရုံးဝန်ထမ်းတွေဆီ ငွေကြေးပေးလုပ်ဆောင်ရတာတွေကြောင့် စစ်ကောင်စီက ဖမ်း ဆီးအရေးယူတာတွေလုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ကြားပွဲစားနဲ့အကျင့်ပျက်ဝန်ထမ်းတွေဟာ ဆက်လက်ရှိနေဦးမှာဖြစ်တဲ့အတွက် နိုင်ငံကူးလက်မှတ်လျှောက်တာ၊ထုတ်ယူတာတွေမှာ အ ဆင်ပြေမှုရှိ၊မရှိကို စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ပြည်ပမှာကျောင်းသွားတက်မယ့် အမျိုးသမီးတဦးက ပြောပါတယ်။
“အခုမှမဟုတ်ဘူး၊ဒီလိုပြင်နေတာ၊တခါတည်းနဲ့အ ဆင်ပြေတယ်ဆိုတာမျိုးက ဘယ်တုန်းကမှာမရှိခဲ့ဘူး၊စောင့်တော့ကြည့်ရမှာပေါ့၊ဘယ်လိုတွေဆက်ဖြစ်လာဦးမယ်ဆိုတာကတော့ မသိသေးဘူးပေါ့နော်”လို့ သူက ပြောပါတယ်။
လက်ရှိမှာလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကိုပြန်ပြီးဖွင့်လှစ်မယ်ဆိုတာကြောင့် အသစ်လျှောက်ထားသူ၊သက်တမ်းတိုးနဲ့ စာအုပ်ထုတ်ဖို့ကျန်တဲ့သူဦးရေဟာ လူဦးရေသောင်းနဲ့ချီရှိနေတယ်လို့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့နီးစပ်သူတဦးကပြောပါတယ်။
နိုင်ငံတဝှမ်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကို စစ်ကောင်စီက ဇန်နဝါရီ၂ရက်နေ့ကနေစပြီး ရက်အကန့်အသတ်မရှိယာယီပိတ်ထားခဲ့တာပါ။
အခုလိုရုံးပိတ်မယ်ဆိုတာကို ကြိုတင်ထုတ်ပြန်တာမရှိတဲ့အတွက် စာအုပ်လုပ်သူတွေ၊စာအုပ်ထုတ်မယ့်ပြည်သူတွေအနေနဲ့အခက်အခဲတွေဖြစ်ရတယ်လို့ပြောကြပါတယ်။