မန္တလေးက ဓာတ်ပုံဆရာကို စစ်အုပ်စုကဖမ်း ဆီးပြီး နာရီပိုင်းအတွင်း အလောင်းလာထုတ်ခိုင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ဓာတ်ပုံဆရာတဦးကို စစ်အုပ်စုက ဖမ်းဆီးသွားခဲ့ပြီးနောက် နာရီပိုင်းအတွင်း မိသားစုကို သူရဲ့ ရုပ်အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ အဲဒီဓာတ်ပုံဆရာနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ ၄၄ လမ်း၊ မဟာမုနိဘုရားကြီး မြောက်ဖက်မုဒ်အနီးမှာနေထိုင်တဲ့ ကိုအောင်ဝင်းထွဋ် ခေါ်  ကိုအောင် (ဆောင်းနှင်းဖြူ)ကို ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၆ နာရီလောက်မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် သုံးနာရီအကြာမှာ သူရဲ့အလောင်းကို မန္တလေးဆေးရုံကြီးရှိ ရင်ခွဲရုံကို လာရောက်ထုတ်ယူခိုင်းခဲ့တယ်လို့ သိရပါတယ်။

” ကျွန်တော်တို့ သိရသလောက်တော့ သူက လူအေးပါပဲ နိုင်ငံရေးလုပ်တာဘာညာလည်း သိပ်မကြားမိဘူး၊ ကျောင်းသားတွေ့ဆုံပွဲတွေဆို အမြဲဆုံဖူးတယ်၊ အခုလိုကြားရတော့ စိတ်မကောင်းဘူးဗျ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်း တဦးကပြောပါတယ်။

စစ်အုပ်စုကရိုက်နှက်ဖမ်းဆီးပြီး သတ်​ဖြတ်လိုက်တဲ့ ကိုအောင်ဝင်းထွဋ် ခေါ် (ကိုအောင် -ဆောင်းနှင်းဖြူ ဗီဒီယို၊ဓာတ်ပုံ) ဆိုသူဟာ မန္တလေးတက္က သိုလ်ရူပဗေဒကျောင်းသားဟောင်း တဦးဖြစ်ပြီး အနုပညာအလုပ်ကို နှစ်သက်သလို ကျောင်းသားဟောင်းတွေနဲ့ ပက်သက်တဲ့ ပွဲတွေတိုင်းမှာ ပါဝင်လေ့ရှိတယ်လို့ သိရပါတယ်။

အဲဒီဓာတ်ပုံဆရာကို စစ်အုပ်စုက ဘာကြောင့်ဖမ်း ဆီးပြီး သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ မိသားစုက ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

ကိုအောင်ကို ရှမ်းခေါက်ဆွဲဆိုင်တမှာ စစ်ဗိုလ်တယောက်က သေနတ် နှစ်ချက်ပစ်ဖောက်ပြီးရိုက်နှက်ဖမ်းဆီးခဲ့တာလို့ မန္တလေးမြို့က မြေပြင်အခြေအနေတွေဖော်ပြပေးနေတဲ့ Voice Of Mandalay ကဖော်ပြထားပါတယ်။


Photo – Social Media