ပုလောမှာ သုံးရက်အတွင်း CDMအများစုနဲ့ အရပ်သားတချို့အပါအဝင် လူနှစ်ဆယ်ဝန်းကျင်ဖမ်းဆီးခံရ

ဖေဖော်ဝါရီ၊ ၂၃

တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ CDM ပညာရေးဝန်ထမ်းတွေနဲ့ အရပ်သားတချို့ အပါအဝင် လူနှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သုံးရက်အတွင်း ဖမ်းဆီးခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ် ။ 

ပုလောမြို့ပေါ်က ရက်ကွက်တချို့မှာ CDM ဝန်ထမ်းတွေ ပုန်းခိုနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ဧည့်စာရင်း ဝင်စစ်တဲ့ပုံစံနဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အထိ သုံးရက်ဆက် ရှာဖွေဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းဆရာ၊ ကျောင်းဆရာမ ၁၀ဦးကျော်နဲ့ အရပ်သား လူငယ်တချို့လည်း ပါဝင်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

“အားလုံးပေါင်း ၁၇ ယောက်နဲ့ ၂၀ ကျော်လောက်ရှိမယ်၊ ညဘက်တွေမှာ အဓိက ဝင်ဖမ်းတာလို့ သိရတယ်၊ ဧည့်စာရင်းဝင်စစ်သလိုမျိုး ဝင်ဖမ်းတာ၊ အဲဒီကနေ ဖမ်းခံရတဲ့သူတွေကနေ တဆင့် ကျန်တဲ့သူတွေပါ ဖမ်းခံရတာပါ၊ ဆရာ/ဆရာမတွေက ၁၀ ဦးကျော်နဲ့ အရပ်သား လူငယ်ပိုင်းတချို့လည်း ပါတယ်၊ နောက်ပြီး CDM လုပ်ထားတဲ့သူကို မတွေ့လို့ မိဘတွေကို ဖမ်းခေါ်သွားတာလဲရှိတယ်”လို့သူက ပြောပါတယ်။

ဖမ်းဆီးခံရသူ အများစုဟာ ပုလောမြို့နယ်အတွင်း အခြေခံပညာသင်ကျောင်းတွေက CDM ဆရာ၊ ဆရာမတွေ ဖြစ်ပြီး နယ်က CDM တချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရမှုအတွင်းပါဝင်တဲ့ အရပ်သားတချို့ကိုတော့ PDF တွေကို ထောက်ပို့လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းစစ်ဆေးနေတယ်ဆိုတာ မသိရသေးသလို မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။ဒါ့အပြင် ရပ်ကွက်တွေထဲ CDM ဝန်ထမ်းတွေ နေအိမ်ပြန်လာပြီး ပုန်းခိုနေတာကို သတင်းမပေးလို့ဆိုကာ အမှတ်(၂) ရက်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ တခြားဒေသခံတဦးက ပြောပါတယ်။

 “အုပ်ချုပ်ရေးမှူးက ကိုယ့်ရပ်ကွက်မှာ CDM ရောက်နေတာကို သတင်းမပေးလို့ ဆိုပြီး သူ့ကိုပါ စစ်သားနဲ့ ရဲတွေ က ခေါ်သွားတယ်၊ သူ့ကိုတော့ ပြန်လွှတ်ပြီလား၊ မလွတ်ရသေးဘူးလားတော့ မသိရဘူးပေါ့၊ ”လို့သူက ပြောပါ တယ်။

စစ်ကောင်စီဘက်က CDM ဝန်ထမ်းတွေကို အခုလို ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်နေတဲ့အတွက် တတ်နိုင်သမျှ အကူအညီပေးဖို့ ကြိုးစားနေတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုလောမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်မှုအားကောင်းတဲ့ မြို့နယ်တစ်ခုဖြစ်တာ ကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ စစ်တပ်ထောက်ခံတဲ့ ကျေးရွာကလွဲရင် အများစုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေဘက်က နယ်မြေစိုးမိုးမှု ရထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပထမအပတ်မှာ စစ်ကောင်စီက နိုင်ငံတဝန်း မြို့နယ်လေးဆယ် ဝန်းကျင်ကို စစ်အုပ်ချုပ်ရေး ကြေညာရာမှာ ပုလောမြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ပုလောမြို့နယ်မှာ စစ်အင်အား ဖြည့်တင်းတွေ လုပ်ဆောင်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေကို စစ်ကြောင်းထိုးဝင်ရောက် တိုက်ခိုက်တာ၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိသူတွေ၊ ထောက်ပို့တွေနဲ့ CDM ဝန်ထမ်းတွေကို အမည်စာရင်းနဲ့ တကွ ရှာဖွေဖမ်း ဆီးတာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။


Photo – CJ

ပုံစာ – ပုလောမြို့နယ်ဒေသခံတွေနဲ့ PDF ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြကြနေကြစဉ်