တပ်ဖွဲ့ဝင်အချင်းချင်းသတ်ဖြတ်မှုတွေကြောင့် NUGနဲ့ ERO တို့စစ်ဆေးအရေးယူခဲ့ရတဲ့ PSDA အဖွဲ့အကြောင်း မေးမြန်းခြင်း
ဖေဖော်ဝါရီ၊ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ဒေသမှာ အခြေစိုက်တဲ့ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (PSDA)ကို ၂၀၂၁ခုနှစ်ဧပြီလအတွင်း စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်ဖို့ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။
ဒါပေမယ့် PSDA အဖွဲ့ဟာ တည်ထောင်ပြီး နောက်တနှစ်မပြည့်ခင်မှာပဲ ဖျက်သိမ်းလိုက်သလို အဲ့ဒီတပ်ဖွဲ့ဝင်တွေကြား ဖြစ်ရပ်ကလည်း နွေဦးတော်လှန်ရေးကာလအတွင်း သမိုင်းအမည်းစက်တခုလို ဖြစ်ခဲ့ပါတယ်။
PSDA အဖွဲ့ကို ဆရာဒေါနသံလွင်ဆိုသူက ဦးဆောင်တည်ထောင်ခဲ့တာဖြစ်ပြီး အဖွဲ့မတည်ထောင်ခင်မှာ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ချိတ်ဆက်ပြီး အခြေခံစစ်ပညာသင်တန်းတွေလည်း သင်ယူခဲ့ကြ ပါ တယ်။
PSDA အဖွဲ့တည်ထောင်ပြီးနောက် တနှစ်စွန်းစွန်းအကြာ ၂၀၂၂ခုနှစ် မေလအတွင်း တိုက်ပွဲတခုမှာ ဦးဆောင် တည်ထောင်သူ ဆရာဒေါနသံလွင်ကျဆုံးခဲ့ပါတယ်။ဒါဟာPSDA အဖွဲ့ပြိုကွဲသွားဖို့အစလည်းဖြစ်ခဲ့ပါတယ်။
ဆရာဒေါနသံလွင်ကျဆုံးပြီးနောက် PSDA အဖွဲ့ကို ကိုရွှေလီ(ခ)အေးမင်းဇော်က ဗဟိုတာဝန်ခံအဖြစ် တာဝန် ယူဦး ဆောင်ခဲ့ပါတယ်။သူဦးဆောင်တဲ့ကာလအတွင်း PSDA တပ်ဖွဲ့ဝင်တွေအချင်းချင်းကြား ပစ်ခတ်သတ် ဖြတ်မှုနဲ့ ဖမ်းဆီးမှုတွေပေါ်ပေါက်ခဲ့တာပါ။
အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ NUG နဲ့မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ကြားဝင်စုံစမ်း စစ်ဆေး ပြီးတဲ့နောက်မှာတော့ ကိုရွှေလီ(ခ)အေးမင်းဇော်အပါအဝင်လေးဦးကိုအလုပ်ကြမ်းနဲ့ ထောင်နှစ် နှစ်ဆယ်၊နောက် ထပ် ခြောက်ဦးကိုတော့ထောင်ငါးနှစ်စီချမှတ်လိုက်ပါတယ်။
အဲ့ဒီနောက် PSDA အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး အဲ့ဒီတပ်ဖွဲ့က တပ်ဖွဲ့ဝင်ဟောင်းတွေက Tactic Of MUSE -မူဆယ် ဗျူဟာဆိုတဲ့ နာမည်နဲ့ အဖွဲ့အသစ်တည်ထောင်လိုက်ပါတယ်။
PSDA တပ်ဖွဲ့ဝင်တွေကြားဘာတွေဖြစ်ခဲ့ကြတာလဲ၊ အသစ်တည်ထောင်လိုက်တဲ့ မူဆယ်ဗျူဟာအဖွဲ့ကရော ဘာ တွေဆက်လုပ်သွားမလဲဆိုတာ ဖမ်းဆီးသတ်ဖြတ်မှု တွေကနေ လွတ်မြောက်ခဲ့တဲ့ PSDA တပ်ဖွဲ့ဝင်ဟောင်း၊ လက် ရှိမူဆယ်ဗျူဟာ အဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဒိုးကို DNAကဆက်သွယ်မေးမြန်းထားပါတယ်။
မေး- PSDA အဖွဲ့မှာတုန်းက တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်ဖမ်းဆီးပြီး၊ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ တွေ့ပါတယ်၊ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ ရှင်းပြပေးပါဦး။
ဖြေ-ကျွန်တော်တို့က PSDAကနေ တရားဝင်နှုတ်ထွက်လာခဲ့တဲ့သူတွေပါ၊ဘာ့ကြောင့်လဲဆိုတော့ ခေါင်းဆောင် ပိုင်းတွေက ငွေကြေးအရှုပ်တော်ပုံတွေ၊ လက်သင့်ရာ ရာထူးပေးမှုတွေရယ်၊ အာဏာအလွဲသုံးစားလုပ်တဲ့ အချက် တွေကြောင့် ထွက်လာခဲ့တဲ့အပေါ်မှာ သူတို့ဘက်ကနေ မြင်မိတာမျိုးရှိမှာပေါ့၊ဒီကောင်တွေဖော်ကောင်လုပ်ပြီး အဖွဲ့နာမည်ဖျက်လိမ့်မယ်တို့၊ ဘာတို့အတွေးဝင်ကောင်းဝင်နိုင်တယ်လေ၊ဒါ့ကြောင့်မို့ ဝင်ပစ်ခတ်တာလည်း ဖြစ် နိုင်ပါတယ်။
မေး-ဝင်ပစ်ခတ်တယ်ဆိုတော့ ဘယ်လိုအခြေအနေမှာ ဖြစ်ပွားခဲ့တာလဲ။
ဖြေ-ကျွန်တော်တို့က နှုတ်ထွက်လာခဲ့တော့ EROsတွေကို အကူအညီတောင်းတဲ့အခါ သူတို့က ရွာတရွာက အိမ်မှာ နေခိုင်းပါတယ်၊ကျွန်တော်တို့နေတဲ့ နေရာကို သူတို့(PSDA)ကသိသွားပြီး လာပစ်တာပါ။
မေး-သူတို့ဘက်က အင်အား ဘယ်လောက်နဲ့ ဝင်ပစ်ခဲ့တာလဲ။
ဖြေ-အခု အမိန့်ချလိုက်တဲ့ တပ်ဖွဲ့ဝင်အကုန်နီးပါးပါပဲ၊အယောက် နှစ်ဆယ်လောက်ပေါ့၊ ည၈နာရီခွဲလောက်မှာ ဝင် ပစ်တာပါ၊အစက စခ (စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေဝင်ပစ်တာထင်နေတာပါ၊နောက်မှ PSDAကဝင်ပစ်မှန်း သိ တာပေါ့။
မေး-အခင်းဖြစ်တဲ့ နေရာမှာ ခြောက်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်၊သေဆုံးသွားတဲ့ ရဲဘော်တွေအကြောင်း ခြုံပြီးပြောပြပေးပါဦး။
ဖြေ-သေဆုံးသွားတဲ့ရဲဘော်တွေအကြောင်းတော့ခြုံပြောလို့အဆင်မပြေဘူးခင်ဗျ၊ သူတို့မိဘတွေရဲ့လုံခြုံ ရေးရှိသေး တဲ့အတွက်ကြောင့်ပါ၊အသက်အရွယ်က ၁၈ကနေ ၂၅ပတ်ဝန်းကျင်တွေပါပဲ။ ကျောင်းသားတွေတော့မပါဘူး၊ ဓာတ်ပုံဆရာတို့၊ လက်လုပ်လက်စားတို့ အဆိုတော်လုပ်မယ့် လူတွေတို့ ၊ အဲ့လိုလူတွေပါပဲ၊ သူဌေးသားလည်း ပါသေး တာပေါ့။
မေး-အဲ့ဒီဖြစ်စဉ်မှာလေးဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်၊အဖမ်းခံရပြီးတော့ ဘယ်လိုဆက်ဖြစ်ခဲ့လဲ။
ဖြေ-အခင်းဖြစ်ပွားတဲ့နေရာမှာ ခြောက်ဦးသေဆုံးခဲ့ပါတယ်၊အဖမ်းခံက လေးဦးပါ၊လေးဦးထဲမှာ ကျွန်တော်ပါ ပါ တယ်၊လမ်းမှာတင် နော်ဝမ်းနဲ့ဇော်ကျုးက သတ်မိန့်လှမ်းတောင်းပါသေးတယ်၊ကံကောင်းလို့ သတ်မိန့်မရခဲ့တာပါ၊ လွှတ်မြောက်ကတော့လေးဦးပါ၊ဒဏ်ရာတွေနဲ့ပဲ လွတ်တာပါ။
မေး-ဟုတ်ကဲ့၊ထပ်ရှင်းပြပေးပါဦး။
ဖြေ-ကျွန်တော်တို့ လေးဦးကိုဖမ်းခေါ်သွားပြီး နှင်းတောထဲမှာပဲ ထိပ်တုန်းနဲ့ခတ်ထားပါတယ်၊စောင်ပါးတထည် တော့ပေးထားပါတယ်၊ဘယ်လိုပြန်လွတ်သလဲဆိုတော့ EROsတွေက အစည်းအဝေးခေါ်တယ်၊ ဖမ်းဆီးခံလေး ယောက်ပါခေါ်ခဲ့ပါဆိုပြီးပြောတယ်၊အဲ့ဒါနဲ့ အစည်းအဝေးမှာ ဟိုဘက်ဒီဘက်အပြန်အလှန်နားထောင်ရင်း တပ်ဖွဲ့ တခုလုံးကို ခေတ္တထိန်းသိမ်းလိုက်တယ်ဆိုပြီး အကုန်ဖမ်းလိုက်တာပါခင်ဗျ၊ကျွန်တော်တို့ကတော့ ပြန်လည် လွတ်မြှောက်လာတာပေါ့။
မေး-ပြစ်မှုကျူးလွန်သူတွေကို ထောင်ချတယ်၊ နယ်နှင်ဒဏ်ပေးတယ် ပြောပါတယ်၊အဲဒါက ဘယ်လိုဆောင်ရွက် ပါသလဲ။
ဖြေ-(ထောင်)အချခံရတဲ့လူတွေကတော့ သူတို့ကိုယ်တိုင်အပြစ်ရှိလို့ ထောင်ချခံလိုက်ရတာပါ၊NUG MOD (ကာကွယ်ရေးဝန်ကြီးဌာန) နဲ့ EROsတွေအကုန်ညှိပြီးမှ ထောင်ချတာပါ၊နယ်နှင်ဒဏ်ကတော့ လာဖမ်းတဲ့ထဲ မှာ တော့ ပါတယ်၊ပစ်ခတ်မှုမှာ မပါတဲ့လူတွေပေါ့နော်။
မေး-ထောင်ချခံရသူတွေကို ဘယ်ထောင်မှာ ထားပါသလဲ။
ဖြေ-သူတို့အတွက် သီးသန့်လုပ်ထားတဲ့ထောင်ရှိပါတယ်။
မေး-နယ်နှင်ဒဏ်ခံရတဲ့သူတွေက တခြားဒေသမှာ လက်နက်ထပ်ကိုင်လို့ ရသေးလား၊ရှင်းပြပါဦး။
ဖြေ-ရပါတယ်ခင်ဗျ၊သူတို့စိတ်ပါရင် ဟိုဘက်အဖွဲ့အစည်းကလက်ခံရင်ရပါတယ်ခင်ဗျ။
မေး-ဒီလိုကိုယ့်အချင်းချင်းသတ်ဖြတ်မှုတွေကြုံရပြီးချိန်မှာတောင် တော်လှန်ရေး ဆက်လုပ်ဖြစ်ဖို့ ဘာတွေက တွန်းအား ဖြစ်စေပါသလဲ။
ဖြေ-တော်လှန်ရေးရဲ့အဓိကတွန်းအားကတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျမှ ပြည်သူတွေရဲ့ ဘဝသာယာ လိမ့် မယ်၊မျိုးဆက်သစ်တွေဘဝ လှပလိမ့်မယ်၊အတူတူသင်တန်းတက်ခဲ့တဲ့ သူငယ်ချင်းတွေ တိုက်ပွဲကျ ဆုံးသွား ခဲ့ပြီ ၊သူတို့အတွက်လည်း လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ကျွန်တော်တို့အနေနဲ့ဆက်လုပ်မှရမယ်ဆိုပြီး တော်လှန်ရေးကိုဆက်လက်လျှောက်လှမ်းခဲ့တာပါ။
မေး-ကိုယ်တွေ့ကြုံခဲ့တဲ့အခုလို ဖြစ်စဉ်ကို အခြေခံပြီး နိုင်ငံတဝန်းက PDF၊ LDF တွေကို ဘာသတင်းစကား ပါးချင်ပါသလဲ။
ဖြေ-ဒီဖြစ်စဥ်ကတော့ အင်မတန်အရုပ်ဆိုးတဲ့ ဖြစ်စဥ်တခုပါ၊နိုင်ငံတဝန်းလုံးက PDFတွေကိုအကြံပြုချင်တာက ကိုယ်တင်တဲ့ ခေါင်းဆောင် မမှားကြဖို့လိုပါတယ်၊ခေါင်းဆောင်တယောက်ဟာ ငွေကြေးနာမည်ပျက်၊ မိန်းမနာ မည်ပျက်၊ ရာထူးနာမည်ပျက်တွေ… လက်တဆုပ်စာလူလေးတွေကို အုပ်ချုပ်ရလာတဲ့အခါ အာဏာရူးလာတတ်တဲ့ လူမျိုးလားဆိုတာ တပ်ဖွဲ့ဝင်တွေကလည်း မြင်အောင်ကြည့်ကြပါလို့ စကားလက်ဆောင်ပါးချင်ပါတယ်။
မေး- မူဆယ်ဗျူဟာကို ၁၉ ရက်မှာ ပြန်လည်စတင်ဖွဲ့စည်းတယ်လို့ သိရပါတယ်။ဘယ်လို ဆက်လက်တော်လှန် သွားမယ်ဆိုတာ ရှင်းပြပေးပါ။
ဖြေ- မူဆယ်ဗျုဟာကို ၁၈.၁၂.၂၀၂၂မှာပြန်လည်ဖွဲ့စည်းခဲ့တာပါ၊ဘယ်လိုဆက်လက်တော်လှန်သွားမလဲဆိုတော့ ပြည်သူရဲ့ဝန်းရံမှုနဲ့အတူ လက်နက်ကိုင်တော်လှန်သွားမှာပါခင်ဗျ၊ဒီလပိုင်းအတွင်း လုပ်ဆောင်မှု တချို့လည်းရှိခဲ့ ပါတယ်၊ဒါတော့ နောက်မှပဲထုတ်ပြန်ပေးပါ့မယ်။
မေး-လုပ်ဆောင်မှုဆိုတာ စကစနဲ့တိုက်ပွဲဖော်ခဲ့တာကို ပြောတာလား။
ဖြေ-ဟုတ်ပါတယ်၊တိုက်ပွဲဖော်ခဲ့တာကို ပြောတာပါ။
မေး-ဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါ။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးဖြည့်စွက်ပြောစရာမရှိပါဘူးခင်ဗျ၊သူတို့အပြစ်နဲ့သူတို့ခံယူပြီးသွားပြီလေ၊ဒါပေမယ့် ကျဆုံး သွားတဲ့ရဲဘော်တွေကိုတော့ အတော့်ကိုနှမျောမိပါတယ်၊တော်လှန်ရေးကို စိတ်ထက်သန်လွန်းတဲ့လူတွေပါ၊ သူတို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ တိုက်ပွဲဝင်သွားပါမယ်လို့ ကတိပြုပါတယ်။
Photo – PSDA