ရေတပ် စစ်ရေးလေ့ကျင့်မှုမှာ ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်မယ် ဆိုတာကို ရုရှားငြင်းဆို

နိုင်ငံတကာ ရေတပ် စစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်း နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ဖို့ စီစဉ်ထားကြောင်း သတင်းတွေကို ရုရှားစစ်တပ်က ငြင်းဆိုသွားခဲ့ပါတယ်။

ရုရှားဟာ တောင်အာဖရိက၊ တရုတ်တို့နဲ့ ပူးပေါင်းပြီး ၁၀ ရက်ကြာ ရေတပ် စစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်နေပါတယ်။ အဲဒီ လေ့ကျင့်မှုဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ တစ်နှစ်ပြည့် ကာလနဲ့လည်း တိုက်ဆိုက်နေပါတယ်။

ရုရှား သတင်းဌာန တစ်ခုဖြစ်တဲ့ Tassက တောင်အာဖရိက နိုင်ငံနားမှာ စစ်ရေးလေ့ကျင့်မှု အစီအစဉ်အတွင်း ရုရှားရဲ့ Admiral Gorshkov ဖရီးဂိတ် စစ်သင်္ဘောကြီးဟာ Zircon အမျိုးအစား ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ပြလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီ ဒုံးကျည်ဟာ အသံရဲ့ မြန်နှုန်းထက် ၇ ဆကနေ ၁၀ ဆလောက်ထိ မြန်အောင် ပျံသန်းနိုင်တယ်လို့ ယုံကြည်ရပြီး ရုရှား စစ်တပ်က Zirconကို ကြားဖြတ် ပစ်ချနိုင်တဲ့ ကာကွယ်ရေး စနစ်မျိုး ကမ္ဘာပေါ်မှာ မရှိသေးဘူးလို့ ကြွေးကြော်ထားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ ရုရှားစစ်ဘက်က အဲဒီ ရေတပ်လေ့ကျင့်မှုမှာ Zircon ဒုံးကျည် စမ်းသပ်မယ်ဆိုတဲ့ ဖော်ပြချက်တွေက သတင်းမှားသာ ဖြစ်တယ်လို့ ပြန်လည် ငြင်းဆိုသွားပါတယ်။

 အမေရိကန် ထောက်လှမ်းရေးကတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင် ယူကရိန်းကို သွားရောက်ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံ ဆွေးနွေးချိန်မှာ ရုရှားက အင်အားပြတဲ့ အနေနဲ့ Zircon ဒုံးကျည်ကို စမ်းသပ်လိုဟန် ရှိပေမယ့် ချွတ်ချော်မှု တစ်ခုခု ကြုံတွေ့ပြီး အစီအစဉ် အထမမြောက်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ဘိုင်ဒန်ဟာ အခုသီတင်းပတ်ထဲမှာ ကြိုတင် မကြေညာဘဲ ကိယက်ဗ်ကို သွားရောက်ခဲ့တာပါ။

ရေတပ် စစ်ရေးလေ့ကျင့်မှုအတွက် ရုရှားက Admiral Gorshkovအပြင် ဆီဖြည့် ရေယာဉ်ကြီး တစ်စီးကိုပါ စေလွှတ်ခဲ့ပါတယ်။ Admiral Gorshkovဟာ တကယ်ပဲ Zircon ဒုံးကျည်တွေ အခြေစိုက် တပ်ဆင်ထားတယ်လို့လည်း ယုံကြည်ရပါတယ်။ ရုရှား စစ်တပ်က Zirconဟာ တစ်နာရီကို မိုင် ၇၀၀၀ နှုန်းလောက်၊ တစ်နည်းအားဖြင့် အသံထက် ၉ ဆလောက် မြန်အောင် ပျံသန်းပြီး မိုင်ပေါင်း ၆၂၀ ကျော်လောက် အကွာ ပင်လယ်ပြင်နဲ့ ကုန်းမြေက ပစ်မှတ်တွေကို တိတိကျကျ ချေမှုန်းနိုင်တယ်လို့ ထုတ်ပြန်ထားခဲ့ဖူးပါတယ်။

 

Ref: Fox