ဘာစီလိုနာကို နိုင်ဖို့ဆိုရင် အကောင်းဆုံး ခြေစွမ်းမျိုး ပြဖို့လိုတယ်လို့ တန်ဟက်ဂ် သတိပေး

ဖေဖော်ဝါရီ၊ ၂၃

ဘာစီလိုနာလို အသင်းကို အနိုင်ကစားဖို့ဆိုရင် ကိုယ့်ဖက်က အကောင်းတကာ့ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ရနေဖို့လိုကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တန်ဟက်ဂ်က ကစားသမားတွေကို ရည်ရွယ် သတိပေးလိုက်ပါတယ်။

စပိန်ထိပ်တန်း ကလပ်နဲ့ ယှဉ်ပြိုင်မယ့် ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ ယူနိုက်တက်ဟာ တရာသီလုံးစာ အကောင်းဆုံးအဆင့် ခြေစွမ်းမျိုးပါ ပြသဖို့ လိုလိမ့်မယ်လို့ နယ်သာလန်သား မန်နေဂျာက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က စပိန်မြေမှာ ကစားခဲ့တဲ့ ပထမအကျော့တုန်းက ပရိသတ် စိတ်ဝင်စားစရာ ပွဲကောင်းတခု ဖြစ်ခဲ့ပြီး ဥရောပ ထိပ်တန်းကလပ် နှစ်ခုဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရင်း နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယ အကျော့ကိုတော့ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားကြမှာပါ။

ဘာစီလိုနာလို ဒိပ်ဒိပ်ကြဲ အသင်းကြီးမျိုးကို ပြိုင်ဘက်အဖြစ် ဆုံရပြီဆိုရင် ကိုယ့်ရဲ့ အကောင်းတကာ့ အကောင်းဆုံး အရည်အချင်းမျိုးကို ထုတ်ပြဖို့ လိုကြောင်း၊ မဟုတ်ရင်တော့ နိုင်ဖို့ အခွင့်အရေး လုံးဝမရှိကြောင်း တန်ဟက်ဂ်က ပြောပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၇ နောက်ပိုင်းမှာ ဘာဆုဖလားမှ မရခဲ့ဖူးပေမယ့် တန်ဟက်ဂ်ကတော့ ဒီရာသီမှာ ဖလားတွေ ကိုင်မြှောက်ဖို့ မျှော်လင့်နေပါတယ်။ ဘာစီလိုနာနဲ့ ပွဲစဉ်ပြီးရင် ယူနိုက်တက်ဟာ ပြည်တွင်းက ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် နယူးကာဆယ် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

သူတို့အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲမှာ ဦးဆောင်သူ အာဆင်နယ်နောက် ၅ မှတ်အကွာ၊ တတိယ နေရာမှာ ရှိနေသလို အက်ဖ်အေ ရှုံးထွက်ဖလားမှာလည်း ပဉ္စမအဆင့်ကို ရောက်နေပါတယ်။

တန်ဟက်ဂ်ကတော့ သူတို့မှာ ဆုဖလားအတွက် အခွင့်အရေးကောင်းတွေ ရှိနေတယ်လို့ အမှန်တကယ် ယုံကြည်ကြောင်း၊ ဒါပေမဲ့ အရေးကြီးတာက အနီးဆုံး ပွဲကိုပဲ ဦးစားပေးအဆင့် အာရုံစိုက်ရမှာ ဖြစ်ကြောင်း၊ ဥပမာ အနေနဲ့ ဘာစီလိုနာနဲ့ ပွဲကို မနိုင်ဘဲနဲ့ ယူရိုပါလိဂ် ဖလားကို မှန်းလို့မရကြောင်း၊ ယူနိုက်တက်ဟာ နေ့တိုင်းနေ့တိုင်း ပိုကောင်းလာအောင် အားထုတ် ကြိုးစားရင်း မပြောင်းလဲတဲ့ ခံယူချက်နဲ့ ရှေ့ဆက်နေမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။


REF: BBC