လိုက်ပ်ဇစ်နဲ့ပွဲမှာ နိုင်ပွဲပျောက်ခဲ့ပေမယ့် စိတ်မပျက်တဲ့ ဂွါဒီယိုလာ

ဖေဖော်ဝါရီ၊ ၂၂

ဂျာမနီမြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ နိုင်ပွဲပျောက်ခဲ့ပေမယ့်လည်း စိတ်ပျက်စရာ မရှိဘူးလို့ မန်ချက်စတာ စီးတီး မန်နေဂျာ ပက်ပ် ဂွါဒီယိုလာက ပြောပါတယ်။

ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ စီးတီးဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်နဲ့ တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ စပိန်သား မန်နေဂျာကတော့ ဒီရလဒ်ဟာ ကျေနပ်သင့်တယ်လို့ မှတ်ချက် ပေးခဲ့ပြီး သူဟာ လိုက်ပ်ဇစ်ရဲ့ မြန်ဆန် ထက်မြက်တဲ့ တန်ပြန်တိုက်စစ်ကို စိုးရိမ်တာကြောင့် အခုပွဲစဉ်အပေါ် အရမ်း မြင့်မြင့်မားမား မျှော်လင့်ချက် မထားခဲ့ဘူးလို့ ဆိုပါတယ်။

အခုပွဲအတွက် အများကြီး မျှော်လင့် မထားတာကြောင့် ရလဒ်ကို ကျေနပ်မိကြောင်း၊ ဒီအဆင့်မှာ စုစုပေါင်း မိနစ် ၁၈၀ နဲ့ နှစ်ကျော့ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ စီးတီးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်မယ့် ပွဲက အဆုံးအဖြတ် ပေးနိုင်မှာဖြစ်ကြောင်း၊ ဂျာမနီမှာ လာကစားပြီး ၄-၀ နဲ့ ဖြစ်ဖြစ်၊ ၄-၃ နဲ့ဖြစ်ဖြစ် မရှုံးဖို့ ပိုအရေးကြီးကြောင်း၊ စီးတီးဟာ ၁၀ ရက်အတွင်း ၄ ပွဲလောက် ကစားထားရတဲ့ အခြေအနေမျိုးနဲ့ အခုပွဲကို ယှဉ်ပြိုင်ခဲ့ရပြီး ရက်ပိုင်းအတွင်း ဘွန်းမောက်သ်နဲ့လည်း ကစားဖို့ ရှိသေးကြောင်း၊ ရှုထောင့် အားလုံးက ခြုံကြည့်ရင် ဒီပွဲမှာ အသင်းရဲ့ ကစားသွားပုံရော၊ ရလဒ်ကိုပါ ရောင့်ရဲနိုင်ကြောင်း၊ ဒါဟာ တောင်းဆိုမှု ကြီးမားလွန်းတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဖြစ်ကြောင်း ဂွါဒီယိုလာက ပြောကြားသွားပါတယ်။

ဒီပွဲမှာ ဂွာဒီယိုလာဟာ ဖီးလ်ဖိုဒန်နဲ့ ဂျူလီယန် အယ်လ်ဗာရက်ဇ်တို့လို ကစားသမားကောင်းတွေ အရန်ခုံမှာ ရှိနေလျက်နဲ့ လူတစ်ယောက်မှ လဲမသွားခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စပိန်သား မန်နေဂျာက စည်းမျဉ်းအရ သူဟာ ကစားသမားထိ လူစားလဲပိုင်ခွင့် ရှိပေမယ့် သေချာပေါက် လူစားလဲခိုင်းရမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ကြောင်း၊ ကွင်းထဲမှာ အသင်းသားတွေ ကစားနေတဲ့ အခြေအနေကို အားရကြောင်း၊ လိုက်ပ်ဇစ်လို တိုက်စစ်မှာ ၆ ယောက်လောက် သုံးပြီး ကစားတဲ့ ပြိုင်ဘက်နဲ့ တွေ့တဲ့ အခါမှာ ပွဲကို ထိန်းချုပ်နိုင်ဖို့ လိုသလို စီမံရမှာဖြစ်ကြောင်း၊ လိုက်ပ်ဇစ်ဟာ စီးတီးထက် ပိုမြန်ပြီး ပိုကောင်းအောင် ကစားခဲ့တာကြောင့် သူဟာ ပွဲကို ထိန်းချုပ်နိုင်မယ့် လူအင်အားကို အဓိက သုံးခဲ့ပြီး အောင်လည်း အောင်မြင်ခဲ့ကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို အင်္ဂလန် ကိုယ်စားပြု ကလပ်အသင်း ၄ သင်းစလုံး တက်ရောက်ခဲ့ပေမယ့် ပထမအကျော့ ပွဲစဉ်တွေမှာ ၄ သင်းလုံး နိုင်ပွဲပျောက်ခဲ့ပါတယ်။ အဲဒီထဲမှာ စီးတီး တစ်သင်းသာ သရေကစားနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ် ဟော့စပါးတို့ကတော့ ပြိုင်ဘက်တွေကို အသီးသီး အရေးနိမ့်ခဲ့ကြပါတယ်။

 

Ref: Guardian