စစ်တပ်နဲ့ KNLA တိုက်ပွဲဖြစ်ခဲ့တဲ့ ဘီးလင်းမှာ ဒေသခံနှစ်ဦးဒဏ်ရာရပြီးတဦးစိုးရိမ်ရ

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေလေးနာရီကျော်က စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်လလို့ နှစ်ဘက်ထိခိုက်မှုတွေရှိသလို ဒေသခံ နှစ်ဦးလည်းဒဏ်ရာရပြီး တဦးက တော့ စိုးရိမ်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်တာလို့ ဖြစ်ပွားခဲ့တယ်လို့ KNU သထုံခရိုင် သတင်းအရင်းတခုကပြောပါတယ်။

ဘီးလင်းအခြေစိုက် ခလရ(၈)၊ ခမရ(၃)နဲ့ ဇီးဝန်းအမြောက်တပ်ကစစ်သား အင်အား ၅၀ ကျော်နဲ့ ဇီးဝန်း ကျေးရွာ ကနေ ခမောက်ကျေးရွာထဲကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ တနာရီနီးပါးကြာပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။

“သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ချတယ်၊ တနာရီလောက်ရှိမယ် ထင်တယ်၊ပစ်ကြတာလေ၊ပြီးတော့ပြန် ဆုတ် သွားတယ်၊အဲနားက ရွာတစ်ခုမှာပဲ တပ်စွဲထားတယ်။ကျတယ်၊ သူတို့ဘက်က အကျအဆုံးရှိတယ်၊ သေချာမသိရ ဘူး၊ကျွန်တော်တို့ဘက်ကတော့ နည်းနည်းပါးပါးထိခိုက်ဒဏ်ရာရတာ လောက်ပဲရှိတယ်။ တစ်ယောက် ပေါ့၊ ဒဏ်ရာရတယ်၊ မစိုးရိမ်ရပါဘူး”လို့သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲစစ်ကြောင်းထိုးဝင်လာချိန်မှာ ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်နဲ့ အဆောက် အဦး၊ပစ္စည်းတွေကို ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တဲ့အပြင် ငွေကြေးနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့က ရွာထဲဝင်လာတဲ့အချိန်မှာ အိမ်ထဲဝင်မွှေနှောက်ထားတာ၊ တချို့အသုံးအဆောင်ပစ္စည်းတွေဆို ရိုက်ဖျက် သွားတယ်၊ဖုန်းရောင်းတဲ့ ဆိုင်တခုထဲလဲ ဝင်သွားတယ်၊ ဆိုင်ထဲမှာ ရှိတဲ့ ဖုန်းအားလုံး ယူသွားတယ်၊ ၃၀ လုံး လောက်ရှိမယ်၊ ရွာထဲဝင်လာရင် တန်းဖိုရှိတဲ့ပစ္စည်းတွေမှန်သမျှ အကုန်လုံးယူသွားတာပဲ၊ပိုက်ဆံတွေ့ရင်လည်း ယူသွားတာပဲ” လို့သူကဆိုပါတယ်။

တိုက်ပွဲအပြီးမှာ တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ရမ်းသန်းပစ်ခတ်လို့ ခမောက်ရွာ သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တဦးက ဒဏ်ရာစိုးရိမ်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဘီးလင်းမြို့နယ်အတွင်း တပ်ရင်းတပ်စခန်းတွေက တပ်ဖွဲ့ဝင်အင်အား တွေ ကို ပြန်လည်စုစည်းထားပြီး လူ၊လက်နက်အင်အားအပြည့် ကားငါးစီးလောက် မြို့ပေါ်မှာ အင်အားဖြည့် ထားတာ ကို တွေ့ခဲ့ရတယ်လို့ ဘီးလင်းမြို့ခံတဦးက ပြောပါတယ်။

 “ညနေလောက်ကတွေ့တာ၊ ဘီးလင်းမြို့ပေါ်မှာ စစ်ကား ၅ စီးလား ၆ စီးလားမသိဘူး၊ အဲလောက်ပေါ့၊ ကားပေါ် မှာလည်း စစ်သားတွေ အပြည့်ပဲ၊ ဒီနေ့တနေ့လုံးလည်း တပ်ရင်းတွေကနေ စစ်သားတွေ အသွားအလာရှိနေ တာ လည်း တွေ့တယ်၊ အခုသူတို့မြို့ပေါ်မှာ လူအပြည့်နဲ့ ရပ်ထားတာဆိုတော့ ဘယ်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင် နေလဲတော့ မသိဘူး” လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ကားငါးစီးပါတဲ့ စစ်ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ရာက နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေဆုံး တယ်လို့ KUN သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီကပြောပါတယ်။