ဖေဖော်ဝါရီ ၊ ၂၂
မန္တလေးမြို့မှာ မနေ့က ဖေဖော်ဝါရီ ၂၂ ရက် တရက်တည်း မီးလောင်မှုငါးကြိမ်နဲ့ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တွေအတွင်း လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။
မီးလောင်ကျွမ်းမှု ငါးကြိမ်လုံးမှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် အဆောက်အဦးထိခိုက်ပျက်ဆီးမှုတွေတော့ရှိခဲ့တယ်လို့ လူမူကယ်ဆယ်ရေး လုပ်ကိုင်နေသူ တဦးကပြောပါတယ်။
“လူထိခိုက်တာမျိုးတော့ မကြားမိဘူး၊မီးလောင်တယ်ဆိုပေမယ့် တချို့ဖြစ်စဉ်လေးတွေက မီးလန့်တဲ့သဘောပါ၊ နွေလည်းပေါက်လာပြီဆိုတော့ လျှပ်စစ်မီးက ဖြစ်တဲ့မီးလောင်မှုလေးတွေရှိလာတယ် ” လို့ သူကပြောပါတယ်။
မန္တလေးမြို့ အမရပူရ ၊ ပုသိမ်ကြီး၊ မဟာအောင် မြေ၊ အောင်မြေသာစံမြို့နယ်တွေမှာ မနေ့ကတရက်တည်း မီးလောင်မှုတွေဆက်တိုက်ဖြစ်ခဲ့ပြီး ပုသိမ် ကြီးမြို့နယ်ကမီးလောင်မှုကတော့ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ရွာ၊ ရွှေကျင်ကွပ်သစ်မြောက်ဘက် ဘုရားနှစ်ဆူအနီး အထည်ဂိုဒေါင်မှာ မနေ့က ည ၇ နာရီကျော်လောက်ကမီးလောင်မှုဖြစ်ခဲ့တာကြောင့် အဆင့် ၂ ရှိတဲ့ မီးသတ်ရေယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးသမားတဦးကပြောပါတယ်။
“အထည်တွေဆိုတော့ မီးများသွားတဲ့သဘောပါ၊အထဲကနေ ဂတ်အိုးပေါက်ကွဲတာတွေတောင်ရှိခဲ့တယ် လူထိခိုက်တာတော့မရှိဘူး၊မီးလောင်တာ တနာရီနီးပါးလောက်ကြာတယ် ” လို့ သူကပြောပါတယ်။
အလားတူပဲ အမရပူရမြို့နယ် မယ်တော်စုကျေးရွာနဲ့ ပုသိမ်ကြီးမြို့နယ် နွယ်နီကျေးရွာတွေမှာ အမှိုက်ပုံ မီးလောင်ကျွမ်းမှုတွေဖြစ်ခဲ့သလို မဟာအောင်မြေနဲ့ အောင်မြေသာစံတို့မှာလည်း ဂတ်စ်အိုးကတဆင့်မီးလန့်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မနေ့က မန္တလေး အောင်မြေသာစံ၊ချမ်း အေးသာစံမြို့နယ်တွေမှာရှိတဲ့ တိုင်းလွှတ်တော်၊ခရိုင်တရားရုံး၊မဟာအောင်မြေမြို့နယ်က အုပ်ချုပ်ရေးမှူးရုံးတို့မှာပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က တုံ့ပြန်ပစ်ခတ်တာတွေလည်းရှိပေမယ့် လူထိခိုက်သေဆုံးမှုတော့မရှိဘူးလို့မြို့ခံတွေကပြောပါတယ်။