ဒဂုံဆိပ်ကမ်းပစ်ခတ်မှုမှာလွတ်မြောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ရပ်ကွက်စျေးကိုဖျက်ဆီး

ဖေဖော်ဝါရီ ၊ ၂၂

ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ် မြို့တော်အိမ်ရာမှာ ဖေဖော်ဝါရီ ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့  ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့တဲ့ပစ်ခတ်မှုမှာလွတ်မြောက်ခဲ့တဲ့အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့စစ်တပ်နဲ့လူမိုက်တွေဟာ ရပ်ကွက်စျေးတန်းကိုဖျက်ဆီးခဲ့ပါတယ်။

ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာပဲ ယုဇနဥယျာဥ်မြို့တော် ၉၄ ရပ်ကွက်၊အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇင် အပါအဝင် စစ်တပ် ၊ အရပ်ဝတ်လူမိုက်တွေကတုတ်၊ဓားမတွေကိုင်ဆောင်ပြီးရပ်ကွက်ရုံးရှေ့ကံ့ကော်လမ်းမပေါ်မှာရှိတဲ့ ရပ်ကွက်စျေးတန်းကိုဝင်ရောက်ဖျက်ဆီးခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

“အင်နဲ့အားနဲ့အလုံးအရင်းနဲ့ကိုဝင်ဖျက်တာ။စစ်တပ်လဲအပြည့်။စျေးသည်တွေလဲထွက်ပြေးရတာ။မနိုင်နိုင်ရာမဲနေတာ။ဘူဒိုဇာနဲ့ပါဝင်ဖြိုတာ”လို့ ရပ်ကွက်နေပြည်သူတဦးက DNA ကိုပြောပါတယ်။

ဒီကနေ့မနက်ထဲကကံ့ကော်စျေးတန်းထဲကိုစစ်ကားအကြီးတစီးဝင်ရောက်လာပြီး၁၂နာရီမကျော်ခင်စျေးကိုဖျက်ပေးဖို့အော်လံနဲ့အသိပေးသွားပေမယ့်၁၁နာရီထိုးလောက်မှာပဲ အနားက ၈၈ နဲ့ ၈၇ ရပ်ကွက်ကလူမိုက်တွေ၊စစ်သားတွေ၉၄ ရပ်ကွက်ရုံးမှာလူစုပြီးဝင်ရောက်ဖျက်ဆီးခဲ့တာလို့သိရပါတယ်။

“ခု ၉၃ ဖက်ပါပိတ်ချထားတယ်။နှစ်ယောက်အဖမ်းခံရတဲ့အထဲမှာတယောက် က ဖရဲသီးသည်။သူတို့နဲ့ရန်ဖြစ်ရာကအဖမ်းခံလိုက်ရတာ ။ခင်မောက်ဇင်ရောထွေအုပ်ရောအကုန်ပါတယ်။တချို့စျေးသည်တွေဆိုဆိုင်နားလေးသွာရပ်မိလို့ဂွနဲ့ပါအထုခံရတယ်”လို့ ၉၄ ရပ်ကွက်နေပြည်သူတဦးကလက်ရှိအခြေအနေကိုပြောပါတယ်။

အခုလိုကံ့ကော်လမ်းမပေါ်ကအမှတ်၉၄ ရပ်ကွက်စျေးကို ဖျက်ဆီးတာဟာ စျေးလမ်းမပေါ်မှာရှိတဲ့ရပ်ကွက်ရုံးပစ်ခတ်ခံထားရတဲ့အတွက်လို့ စစ်ကောင်စီလက်ဝေခံတွေကသတင်းလွှင့်နေတဲ့အပြင် ယုဇနဥယျာဥ်အိမ်ရာ တခုလုံးပြည်သူတွေအိမ်ပြင်မထွက်ရဲပဲ စစ်တပ်နဲ့ လူမိုက်တွေက အပြင်ထွက်သူတွေကိုပါရန်ပြုနှောင့်ယှက်နေကြတယ်လို့သိရပါတယ်။

“သူတို့လူမိုက်တွေကိုယ်တိုင်လဲဆိုင်ကတန်းတွေဘာတွေကိုဝင်ချိုးတယ်အနောက်ကဘူဒိုဇာအသေးကဝင်ထိုးတယ်။ ငှက်ကြီးတောင်တွေနဲ့လူတွေကိုလဲဆွဲထုတ်ပြီးရိုက်တာပုတ်တာတွေလုပ်တယ်။ခုယုဇနထဲကအေရောဘီရောစီရော ကမ္ဘာပျက်နေသလိုပဲ ။သူတို့ပဲရှိတော့တယ်၉၃ စျေးလဲဖျက်မယ်ပြောနေကြတယ်””လို့ဒေသခံနောက်တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ရက်က ရပ်ကွက်ရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှုမှာတော့ ၉၄ ရပ်ကွက် ရာအိမ်မှူး ဝင်းမြင့်နဲ့ထွန်းထွန်းဝင်းတို့ သေဆုံးပြီး ၊ ရာအိမ်မှူး မြင့်ဝေ၊ ရာအိမ်မှူး ဖြိုးကိုကိုမောင် ၊ ရာအိမ်မှူး မခင်ဆွေဝင်း၊ ရာအိမ်မှူး အောင်ဝင်း စုစုပေါင်း ၄ ဦး  သေ နတ် မှန်ဒဏ်ရာရရှိပြီး ရာအိမ်မှူး အောင်ဝင်းမှာ ခေါင်းတွင် ကျည်ထိမှန်ခဲ့ပါတယ်။

အဲ့ဒီ့ကံ့ကော်စျေးတန်းဟာအာဏာမသိမ်းခင်ကလဲစည်ပင်နဲ့ရဲ့တွေဝင်ရောက်ဖျက်ဆီးတာခံခဲ့ရဖူးပြီးအခုအကြိမ်နဲ့ဆို၂ကြိမ်မြောက်ရှိခဲ့ပြီလို့လဲသိရပါတယ်။