တွံတေးမှာ စစ်တပ်လက်ချက်နဲ့ တရက်တည်း အရပ်သားနှစ်ဦး သေဆုံး

ရန်ကုန်မြို့၊တွံတေးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ တရက်တည်းမှာပဲ အရပ်သားနှစ်ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ တွံတေးမြို့နယ်ဒေသခံတွေက DNAကိုပြောပါတယ်။

“အဲ့နေ့ကကြားတာက နှစ်ယောက်လုံးကို ​ရှော့လိုက်(သတ်ဖြတ်လိုက်)ပြီး DB(အလောင်း) ပြန်မပေးဘူး သိရတာ၊ နောက်မှ ဆေးရုံပို့တယ်သိရတာ”လို့ တွံတေးမြို့နယ်ဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ နှစ်ဦးထဲက ကိုမိုးဒီဟာ ဆိုင်ကယ်ဘေးတွဲမောင်းနေရင်း ဖေဖော်ဝါရီ၁၂ရက် နေ့လယ်ပိုင်းက ရွှေဆံတော်ဘုရားအနီးမှာ ကားနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြည့်မိရာက ဆဲဆိုထိုးကြိတ်ပြီး စစ်ကားပေါ်ဆွဲတင်ခံရတယ်လို့ တွံတေးမြို့ခံတွေက ဆိုပါတယ်။

အမှတ်မထင် ကြည့်မိတဲ့အကြောင်း တောင်းပန်ရှင်းပြပေမယ့် ဆက်လက်ထိုးကြိတ်နေတဲ့အတွက် ပြန်လည်ခုခံ ရုန်းကန်ကာ စစ်ကားပေါ်ကနေ ခုန်ချထွက်ပြေးခဲ့ပေမယ့်  ထပ်ပြီးအဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

“သူလည်းမခံနိုင်တော့လို့ ရုန်းပြီး ကားပေါ်က ဆင်းပြေးတာ ‌ေ-ွး တွေတောက်လျှောက်လိုက်တာ ဒဏ်ရာတွေနဲ့ဆိုတော့ ကြာကြာမပြေးနိုင်တော့ စျေးနားက လမ်းမပေါ်ပြန်မိရော၊အဲ့မှာ နံပါတ်တုတ်တွေနဲ့ရိုက်တာ ခြေထောက်တချောင်းပါ ကျိုးပြီးအရိုးတောင်ထွက်တယ်”လို့ တွံတေးဒေသခံက ဆက်ပြောပါတယ်။

လူမြင်ကွင်းမှာ အဲ့ဒီလိုရိုက်နှက်နေချိန် မြို့ခံအရပ်သားတဦးက ကြားဝင်တောင်းပန်ရာက အဲ့ဒီဒေသခံကိုပါ တဆက်တည်း ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီနောက် ဖမ်းဆီးထားသူနှစ်ဦးကို တွံတေးအခြေစိုက်စစ်ကောင် စီတပ်ရင်း(၁၀၇)ထဲ လိုက်ပို့ဖို့ အနီးအနားက တက္ကစီယာဉ်မောင်းတွေကို ချိန်းခြောက် စေခိုင်းတယ်လို့ သိရပါတယ်။

လိုက်ပို့ပေးရတဲ့ ကားသမားတွေကို နာရီအနည်းငယ်အကြာမှာ ပြန်လွှတ်ခဲ့ပေမယ့် ကနဦးရိုက်နှက်ဖမ်းဆီးခံရတဲ့ အရပ်သားနှစ်ဦးကိုတော့ အသက်သေဆုံးတဲ့အထိ ဆက်လက်ရိုက်နှက်သတ်ဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့ တွံတေးဒေသခံတွေက ပြောပါတယ်။

တွံတေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကတော့ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထုတ်ပြန်ရာမှာ စစ်ကောင်စီက ပြည်သူနှစ်ဦးကို “သူခိုး”လို့ လိုရာဆွဲခေါင်းစဉ်တပ်ကာ ရိုက်နှက်ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းတွေကို စစ်ကောင်စီရဲ့ ခလရတပ်ရင်း(၇၀)ထဲ သယ်ယူမြှုပ်နှံလိုက်တယ်လို့ တွံတေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။သေဆုံးသူနှစ်ဦးအနက် ကိုမိုးဒီဆိုသူဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး တကိုယ်တော်ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ဖူးသူဖြစ်တယ်လို့ တွံတေးမြို့ခံတွေက ပြောပါတယ်။


Photo – AP

ပုံစာ – အာဏာသိမ်းမှုဆန့်ကျင်သူတွေကို အကြမ်းဖက်ဖြိုခွဲနေတဲ့ စစ်သားများ (ပုံဟောင်း)