မြောက်ကိုရီးယား နိုင်ငံရဲ့ စားနပ်ရိက္ခာ အကျပ်အတည်းဟာ ဆိုးသထက် ဆိုးလာနေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက သတိပေး ပြောကြားခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ် မြောက်ပိုင်းက အထီးကျန် ကွန်မြူနစ် နိုင်ငံဟာ ဆိုးရွားတဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေနဲ့ သိပ်ပြီးတော့ မစိမ်းလှပါဘူး။ ဒါပေမဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် နယ်စပ် ပိတ်ပင်မှုတွေ၊ ရာသီဥတု ဖောက်ပြန်လာတာတွေနဲ့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကြောင့် မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာ ပြဿနာဟာ အခုနှစ်ပိုင်းတွေအတွင်း နာလန်မထူနိုင်လောက်အောင် ဆိုးရွားလာနေတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက နိုင်ငံရဲ့ ထိပ်ပိုင်း အရာရှိတွေဟာ အခုလကုန်ပိုင်းမှာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍနဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးကြပြီး စိုက်ပျိုးရေး မူဝါဒတွေမှာ အခြေခံကျကျ ပြောင်းလဲမှုတွေ ရှိလာနိုင်ကြောင်း မှတ်ချက် ပေးထားပါတယ်။
ပြည်တွင်းမှာ ဆင်းရဲကျပ်တည်းပြီး ပြည်သူတွေက အငတ်ဘေး ကြုံရမယ့် အခြေအနေ ဆိုက်နေပေမယ့် တစ်ဖက်မှာတော့ မြောက်ကိုရီးယား အစိုးရဟာ နျူကလီးယားနဲ့ ဒုံးကျည် လက်နက်တွေအတွက် အသုံးစရိတ်တွေ ပုံအောရင်းနှီးနေဆဲ ဖြစ်ပါတယ်။
KCNAကတော့ စိုက်ပျိုးရေး မူဝါဒတွေ ပြင်ဆင် ပြောင်းလဲရေးဟာ အရမ်း အရေးကြီးပြီး အလျင်အမြန် ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။
တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားရဲ့ စားနပ်ရိက္ခာ ပြဿနာဟာ အထူးသတိထားရမယ့် အဆင့်ထိ ရောက်နေပြီလို့ မှတ်ချက်ပေးခဲ့ပြီး ပြည်သူတွေကို အကူအညီပေးနိုင်ရေး နည်းလမ်းရှာဖွေပေးဖို့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကြီး (WFP)ကို တိုက်တွန်းထားပါတယ်။
မြောက်ကိုရီးယားဟာ ပြည်တွင်းက အခြေအနေတွေနဲ့ ပတ်သက်ရင် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်လေ့ မရှိဘဲ သိုသိပ် လျှို့ဝှက်လွန်းတာကြောင့် ဒီပြဿနာက ဘယ်လောက် ကြီးမားနေသလဲ ဆိုတာကို အတိအကျ ခန့်မှန်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ဂြိုဟ်တု မှတ်တမ်းတွေအရ မြောက်ကိုရီးယားရဲ့ စိုက်ပျိုးရေး ထုတ်ကုန် ပမာဏဟာ ၂၀၂၁ နဲ့ယှဉ်ရင် မနှစ်တုန်းက တန်ချိန် ၁၈၀၀၀၀ လောက် လျော့ကျသွားတယ်လို့ တောင်ကိုရီးယားက သုံးသပ်ထားပါတယ်။
Ref: BBC