သူနာပြု-သားဖွားဆရာမအင်အားမလုံလောက်လို့ သင်တန်းကျောင်းတွေကို စစ်ကောင်စီအချိန်အစောဖွင့်

စစ်အာဏာသိမ်းယူထားတဲ့ ၂ နှစ်တာအတွင်း CDM သူနာပြုနဲ့သားဖွားဆရာ/ဆရာမ အင်အားမလုံလောက်တာကြောင့် သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို လာမဲ့ဧပြီလမှာအချိန်စောဖွင့်လှစ်လာတယ်လို့ CDM သူနာပြုအသိုင်းအဝန်းထံကသိရပါတယ်။

သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ လျှောက်လွာလက်ခံပြီး အောက်တိုဘာလမှစတင်တက်ရောက်ရပေမယ့်ဒီနှစ်မှာတော့ဧပြီလ ၈ရက်မှာစတင်ဖွင့်လှစ်မှာပါ။

“သူနာပြု-သားဖွားသင်တန်းတွေ​ထပ်ခေါ်တဲ့သဘောကဝန်ထမ်းအင်အားမလုံလောက်တာအဓိကဖြစ်နေတယ်။သင်တန်းတက်ခွင့်ရမဲ့အရေအတွက်ကအရမ်းကိုနည်းတယ်။အဲတာတွေကြောင့်သင်တန်းအချိန်စောဖွင့်တာလို့ပြောလို့ရတယ်။အရင်ကတော့အခုလိုမျိုးမဖွင့်ဘူးပေါ့။ဒီနှစ်ကျမှစောဖွင့်တဲ့သဘောဖြစ်နေတယ်” လို့မော်လမြိုင်မြို့ခံ CDMသူနာပြုဆရာမတဦးကပြောပါတယ်။

တနိုင်ငံလုံးမှာကျန်းမာရေးဝန်ထမ်းပေါင်း ၁၀၃,၂၁၄ ဦးထဲမှာ ပျက်ကွက်သူ ၄၈,၄၉၂ ဦးအနက် CDMပြလုပ်သူ ၄၇,၂၅၄ ဦးရှိတဲ့အတွက် တာဝန်ထမ်းဆောင်သူ၅၄,၇၂၂ ဦးသာရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကိုဖေဖော်ဝါရီလ ၂၀ ရက်ကနေ မတ်လ ၈ ရက်အထိလျှောက်လွှာတွေကို တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကိုသာလိပ်မူပေးပို့ရမှာဖြစ်တဲ့အပြင်လာမဲ့ဧပြီလ ၈ ရက်မှာ သင်တန်းတွေပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့စစ်ကောင်စီကမ​နေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာထုတ်ပြန်ပါတယ်။

သူနာပြု-သားဖွားဒီပလိုမာသင်တန်းကာလကို (၃)နှစ်သတ်မှတ်ထားကာဘက်စုံသားဖွား ဒီပလိုမာသင်တန်းကာလကိုတော့အချိန် (၂)နှစ် သင်တန်းအဖြစ်သတ်မှတ်ထားတာပါ။

ဒါ့အပြင် သူနာပြု-သားဖွားဒီပလိုမာသင်တန်းဝင်ခွင့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ရမှတ်တွေက (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ)(၃) ဘာသာ ရမှတ်ပေါင်းတွေကိုကြည့်ကာခေါ်ယူမှာဖြစ်ပေမဲ့စစ်ကောင်စီလက်ထက်မှာတော့ အမှတ်လျော့ယူခေါ်ယူပေးနေတာရှိနေတယ်လို့မန္တလေးမြို့ခံ CDM သားဖွားဆရာမ တစ်ဦးကဆိုပါတယ်။

” ကျွန်မသင်တန်းတက်တုန်းကသူနာပြု-သားဖွား ဆိုသုံးဘာသာပေါင်း ရမှတ် ၁၉၀ အထက်ရှိမှတက်ခွင့်ရတယ်။သားဖွားဆိုရင်လည်း ရမှတ် ၁၈၀ အထက်ရှိမှတက်လို့ရခဲ့တာ။အခုကတော့ရမှတ်တွေလျော့ချပြီးခေါ်နေတယ်လို့ကြားတယ်။ အရည်အချင်းမရှိတဲ့သူတွေကိုပဲခေါ်တဲ့သဘောဖြစ်မယ်။CDM လုပ်ထားတဲ့သူကများတာနဲ့ကျန်းမာရေးဝန်ထမ်းက တနိုင်ငံလုံးမှာအင်အားအနည်းဆုံးဖြစ်တယ်။

အဲတော့အရည်အချင်းထက်အရေအတွက်ပိုရဖို့သင်တန်းတွေစောခေါ်နေတာလို့ပဲမြင်တယ်” လို့သူမကပြောပါတယ်။

သူနာပြု-သားဖွားဒီပလိုမာသင်တန်းနဲ့သားဖွားဒီပလိုမာသင်တန်းတွေကို သင်တန်း ကျောင်း(၄၁) ခုအဖြစ် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင်ဟင်္သာတ၊ မြစ်ကြီးနား၊​ ဗန်းမော်၊ ဖလမ်း၊ ဘားအံ၊ မုံရွာ၊ ပြည်၊ပ ခုက္ကူ၊မကွေး၊ကလေး၊ သန်လျင်၊ ပဲခူး၊ ပြင်ဦးလွင်၊ ဟားခါး စတဲ့ မြို့ပေါင်း ၂၉ မြို့မှာဖွင့်လှစ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ဖေဖော်ဝါရီလ ၂၈ ရက်ကနေ ယခု ၂၀၂၃ ခုနှစ် ၊ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိတစ်နှစ်နီးပါးအတွင်းသူနာပြု-သားဖွားဆရာ/ဆရာမအရေအတွက် ၇၆၅ ဦးကိုစစ်ကောင်စီခန့်အပ်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းအစချိန်မှာစစ်ကောင်စီတပ်ရဲ့ဆေးတပ်သား​တွေနဲ့ ကျန်းမာရေးလုပ်သား အသစ်တွေကိုထပ်မံခေါ်ယူခဲ့ပေမဲ့ဒီကနေ့အထိ ကျန်းမာရေး ဌာနတွေဟာကောင်းစွာလည်ပတ်နိုင်တာမရှိသေးပါဘူး။

 ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလကနေဇွန်လအထိ ကျန်းမာရေး ဝန်ထမ်း ခြောက်သောင်း ကျော်ဟာ CDM ပြုလုပ်ခဲ့ပေမဲ့လက်ရှိမှာတော့CDM ကျန်းမာရေးဝန်ထမ်း လေးသောင်းခွဲ ဝန်းကျင်သာကျန်ရှိတော့တယ်လို့CDM Medical Network ရဲ့စာရင်းတွေအရသိရပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းထားတဲ့၂ နှစ်တာအတွင်း ဆရာဝန်၊သူနာပြု၊သားဖွားအပါအဝင် ကျန်းမာရေးဝန်ထမ်း ၈၃ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၇၈၃ ဦးနဲ့ ၃၅၅ ဦး ဟာ ဖမ်းဆီးခံထားရပါတယ်။


Photo – Myanmar Digital News