နျူကလီးယားလက်နက် ကန့်သတ်ရေးဆိုင်ရာ အမေရိကန်နဲ့ နောက်ဆုံးလက်ကျန် သဘောတူ စာချုပ်ကို ရပ်ဆိုင်းဖို့ ရုရှားက ခြေလှမ်းပြင်လာခဲ့ပါတယ်။
STARTလို့ အတိုကောက် ခေါ်ဝေါ်တဲ့ နျူကလီးယား လက်နက် လျှော့ချရေးဆိုင်ရာ စာချုပ်ကို သက်တမ်းတိုးဖို့ သူ့နိုင်ငံရဲ့ ညှိနှိုင်းမှုတွေကို ဆိုင်းငံ့ထားစေမှာ ဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အတည်ပြုခဲ့ပါတယ်။ အဲဒီ စာချုပ်ဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အများဆုံး နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့ရဲ့ နောက်ဆုံးလက်ကျန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူ စာချုပ်လည်း ဖြစ်ပါတယ်။
ရုရှားလွှတ်တော် မိန့်ခွန်းမှာ ဒီဆုံးဖြတ်ချက်ကို ပူတင်က ထည့်သွင်း အတည်မပြုခင် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက စာချုပ်ကိစ္စ သက်တမ်းတိုးရေး ဆိုင်းငံ့မှုတွေဟာ ပြန်ပြင်လို့ရတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မတင်မကျ မှတ်ချက် ပေးခဲ့ပါသေးတယ်။
အဲဒီ စာချုပ်ဟာ အမေရိကန်နဲ့ ရုရှားတို့ကြား တာဝေးပျံသန်းနိုင်တဲ့ တိုက်ချင်းပစ် နျူကလီးယားဒုံးကျည် လက်နက်တွေ ပိုင်ဆိုင်မှုကို ကန့်သတ်ဖို့ ရည်ရွယ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အစောပိုင်းတုန်းက အဲဒီ စာချုပ်ကို အမေရိကန်နဲ့ ရုရှားတို့က ၅ နှစ် သက်တမ်း တိုးခဲ့ကြပါတယ်။ ဒါကြောင့် သိပ်မကြာခင်မှာ နောက်ထပ် သက်တမ်းတိုးရေးကိစ္စ နှစ်နိုင်ငံ စတင် ညှိနှိုင်းရတော့မယ့် အဓိပ္ပါယ်ပါ။ အခုတော့ ပူတင်က အဲဒီဖြစ်နိုင်ခြေကို တားမြစ်လိုက်တဲ့ သဘောပါပဲ။
စာချုပ်ရဲ့ အရေးကြီးတဲ့ သဘောတူညီမှု အချက်တစ်ခုအရ ရုရှားနဲ့ အမေရိကန်တို့ဟာ အပြန်အလှန် ပညာရှင်တွေ စေလွှတ်ပြီး နျူကလီးယားလက်နက် သိုလှောင်တဲ့ နေရာတွေကို စစ်ဆေးခွင့် ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ ဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်ကစလို့ အဲဒီလို စစ်ဆေးမှုတွေကို နှစ်ဖက်စလုံးက ရပ်ဆိုင်းထားခဲ့ပါတယ်။
ရုရှားဟာ START စာချုပ်ကနေ အပြီးတိုင် နုတ်ထွက်တာမျိုး မဟုတ်သေးပေမယ့် ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာလာမှုတွေကြောင့် လက်ရှိ သဘောထားကို တရားဝင် အဆင့်မျိုးထိ ဖြစ်မြောက်အောင် အကောင်အထည် ဖော်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း START စာချုပ် သက်တမ်းတိုးရေး ကိစ္စကို ရုရှားဖက်က စိတ်လိုလက်ရ ပူးပေါင်းမှု မရှိတဲ့အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်က မကြာခဏ ထုတ်ပြောခဲ့ဖူးပါတယ်။
ပူတင်ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အတော်လေး ကံအကြောင်းမလှတဲ့ ကိစ္စလို့ သုံးသပ်ပြီး တာဝန်မဲ့လွန်းတယ်လို့ပါ စွပ်စွဲသွားပါတယ်။ အမေရိကန်အပြင် ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း စာချုပ်သက်တမ်းတိုးရေး ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက်ကို ပူတင် ပြန်ပြင်ဆင်ဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။
Ref: Reuters