စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူ့တရားစီရင်ရေးအဖွဲ့က တနှစ်နီးပါးအတွင်း အမှုပေါင်း ၇၀ ကျော်လောက်ကို စီရင်နိုင်ခဲ့တယ်လို့ ယင်းမာပင် ပအဖတာဝန်ခံ ကိုဇော် ထူးအောင်က DNA ကိုပြောပါတယ်။
အဲဒီနယ်မှာ အုပ်ချူပ်ရေးအဖွဲ့အစည်းနဲ့ မသက်ဆိုင်ဘဲ အမှီအခိုကင်းတဲ့ တရားရေးအဖွဲ့ကို သီးခြားဖွဲ့စည်းပြီး တ ရားမအမှုအခင်းတွေကို ဖြေရှင်းပေးနေသလို လူသတ်မှုစတဲ့ ရာဇဝတ်မှုတွေကိုလည်း စစ်ဆေးအရေးယူထောင် ဒဏ်ချမှတ်တာတွေလုပ်နေတယ်လို့ သူကဆိုပါတယ်။
“တရားဥပဒေအရ ထောင်ချရမယ်ဆိုရင်တောင် ပြစ်ဒဏ်ချမှတ်တာတွေကို တခါတည်းလုပ်နေတာပါ၊ ထောင် ဒဏ်က အများဆုံး ရှစ်နှစ်အထိ လူသတ်မှုကို အမိန့်ချထားပါတယ်၊အမွေအမှုအခင်းတွေ အများဆုံးဖြစ်ပါတယ်၊ ကာအိန္ဒြေပျက်စီးမှုအဲဒါမျိုးလေးတွေလည်း ဖြေရှင်းပေးရတယ် ” လို့ ကိုဇော်ထူးအောင် ကပြောပါတယ်။
တရားရေးအဖွဲ့က သက်ဆိုင်သူအားလုံးကို ခေါ်ယူစစ်ဆေးပြီး တရားရေးဝန်ကြီးဌာနကို တင်ပြကာအမှုတွေကို စစ်ဆေးဆုံးဖြတ်လေ့ရှိကြောင်း၊ တရားရုံးကို ရွေ့လျားပုံစံနဲ့ သာလတ်တလောဆောင်ရွက်ပေးနေသေးတယ်လို့ သူကဆိုပါတယ်။
“အလုပ်နဲ့ထောင်ချခံရတယ်ဆိုရင် တပ်ရင်းတွေဆီ အပ်နှံ လိုက်တယ်၊အဲဒီမှာ အလုပ်ကြမ်းခိုင်းရင်း သူကို ထိန်းသိမ်းစောင့်ရှောက်တာပေါ့နော်။ တပ်ရင်းတပ်ဖွဲ့တွေကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာ အားကောင်းတော့ သူတို့ကလည်းဒါကို လက်ခံကြပါတယ် ” လို့ ကိုဇော်ထူးအောင်က ပြောပါတယ်။
ပြည်သူတရားရုံးအနေနဲ့ အရပ်သားချင်းဖြစ်တဲ့ အမှုကိစ္စတွေကို အရပ်ဘက် တရားရုံးက ဆုံးဖြတ်ပေးသလို PDF တပ်ဖွဲ့ဝင်ချင်းဖြစ်တဲ့ အမှုကိစ္စတွေကိုတော့ စစ်ခုံရုံးနဲ့သာ ဖြေရှင်းဆုံးဖြတ်ပေးနေတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြားကာလပြည်သူ့တရားစီရင်ရေးအဖွဲ့တွေကို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလ အတွင်းစတင်ဖွဲ့စည်းခဲ့ပေမယ့် အဲ့ဒီမတိုင်ခင်ကတည်းကလည်း ဒေသအလိုက် ပြည်သူ့တရားစီရင် ရေးအဖွဲ့တွေ စတင်လည်ပတ်ဆောင်ရွက်မှုတွေရှိနေပြီဖြစ်တယ်လို့ မြေပြင်တော်လှန်ရေး အင်အား စုတွေကပြောပါတယ်။
စစ်ကိုင်းတိုင်းက မြို့နယ် (၁၅) ခုမှာ စတင်ခဲ့တဲ့ NUG ရဲ့ ပြည်သူ့တရားစီရင်ရေး အဖွဲ့တွေမှာတော့ တမြို့နယ်ကို တရားသူကြီးငါးဦးစီပါဝင်ဖွဲ့စည်းထားပါတယ်။အဲ့ဒီတရားစီရင်ရေး အဖွဲ့တွေစတင်ဖွဲ့စည်းတဲ့ (၁၅)မြို့နယ်ထဲ ယင်းမာပင်မြို့နယ်လည်းပါဝင်ခဲ့ပါတယ်။
NUG က ကြားကာလ တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်းထားတဲ့ မြို့နယ်တိုင်းမှာ ပြည်သူ့တရားရုံးတွေအခြေ တကျဖွင့် လှစ်နိုင်တာမရှိသေးပေမယ့် မြို့နယ်တချို့မှာတော့ တရုံးတွေဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
ပြည်သူ့ တရားစီရင်ရေးအဖွဲ့တွေစတင်ဖွဲ့စည်းပြီးနောက် ငါးလအကြာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအထိ စုစု ပေါင်း(၂၄)မြို့နယ်မှာ တရားစီရင်ရေးလုပ်ငန်းတွေစတင်လည်ပတ်နေပြီလို့ NUG တရားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဦးက မြန်မာနောင်းသတင်းဌာနကိုပြောထားပါတယ်။
Photo – Social Media
ပုံစာ – စစ်ကိုင်းတိုင်းအတွင်းက NUG လက်အောက်ခံ တရားစီရင်ရေးအဖွဲ့တဖွဲ့